ပွင့်ဖြူ   ၂   မေ      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ကျဆင်းလာသည့်အတွက် ငှက်ပျောစိုက်ပျိုးတောင်သူများ အရောင်းအဝယ် ကျဆင်းကာ လုပ်ငန်းအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေးပေါကြွယ်ဝသည့်အတွက် ကျေးလက်နေ ဒေသခံတောင်သူများ နွေ၊ မိုး၊ ဆောင်း ရာသီမပျက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ်ဆောင်ရွက် လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်သီးနှံနှင့် စားပင်သီးနှံမျိုးစုံ တို့ကို စိုက်ပျိုးကြကြောင်း သိရသည်။ အချို့တောင်သူများမှာ ဥယျာဉ်ခြံမြေများတွင် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေး၊ ရခိုင်ငှက်ပျောနှင့် ပိန်းဥတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

ယခုလက်ရှိတွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကျရောက်ဖြစ်ပွားနေသည့်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလဖြစ်ကာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ လျော့နည်းကျဆင်းလာမှုကြောင့် မြို့နယ်အတွင်းရှိ ငှက်ပျောစိုက်ပျိုးတောင်သူများ အရောင်းအဝယ် ကျဆင်းကာ လုပ်ငန်းအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

 

လက်ရှိကာလ ကုန်စည်စီးဆင်းမှု လျော့နည်းကျဆင်းသွားသည့်အတွက် ငှက်ပျောစိုက်ပျိုးလုပ်ကိုင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပက်သက်ပြီး ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ဖီးကြမ်းငှက်ပျောစိုက်ပျိုး တောင်သူတစ်ဦးက ရှင်းပြသည်။

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ ငှက်ပျောစိုက်ပျိုးတောင်သူတွေ လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေတဲ့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတဲ့ ကာလဖြစ်လို့ စည်ပင်သာယာဈေးတွေ ယာယီပိတ်ထားတာကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေ ကျဆင်းသွားပါတယ်။ အဲဒီလို ကုန်စည်စီးဆင်းမှု လျော့နည်းသွားတဲ့အတွက် ကျွန်တော်တို့ ဒေသမှာရှိတဲ့ ငှက်ပျောစိုက်ပျိုးတောင်သူတွေ ရောင်းအားတွေ ကျဆင်းသွားခဲ့ပါတယ်။ ယခင်က ဒီလိုရာသီချိန်မှာ ငှက်ပျောစိုက်ပျိုးတောင်သူတွေ အရောင်းအဝယ် ကောင်းပြီး ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် ငွေကျပ် အနည်းဆုံး ၉၀၀ မှ ၁၂၀၀ အထိ ရောင်းချရပါတယ်။ ယခုလက်ရှိမှာတော့ ကိုဗစ် - ၁၉ ရောဂါ ဂယက်ကြောင့် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ငွေကျပ်(၅၀၀ ၊ ၆၀၀)ကျပ်ခန့်သာ ရောင်းချနေရပြီး စားချင်လို့လာဝယ်တဲ့သူ ကိုသာ ရောင်းချနေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားမှာဖြစ်ပွားနေတဲ့ ကိုဗစ် - ၁၉ ရောဂါကို အမြန်ဆုံး ပျောက်ကင်းစေချင်ပြီး ပြည်သူတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိစေချင်ပါပြီ” ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ဖီးကြမ်းငှက်ပျောစိုက်ပျိုး တောင်သူ ဦးသန်းထွန်းဦး က ပြောပြသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)