နေပြည်တော် ဇူလိုင် ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များကို အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း စက်ရုံများမှ ထုတ်လုပ်သော အောက်ဆီဂျင်ဓာတ်ငွေ့များအား သက်ဆိုင်ရာ နယ်မြေဒေသအသီးသီးရှိ ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများသို့ နေ့စဉ် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ကိုဗစ်- ၁၉ ရောဂါ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်လိုအပ်သော အောက်ဆီဂျင် ဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံအသီးသီးရှိ အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်လုပ်နိုင်သော စက်များအား စွမ်းအားမြှင့်တင်ဆောင်ရွက်ခဲ့ရာ အောက်ဆီ ဂျင်နှင့် မီးသတ်ဆေးဘူးစက်ရုံ (မင်းဓမ္မ)၊ အမှတ်(၂) သံမဏိစက်ရုံ (မြောင်းတကာ)၊ အမှတ်(၃) သံမဏိစက်ရုံ (ရွာမ)၊ သင်္ဘောဖျက်စက်ရုံ (သီလဝါ) တို့မှနေ့စဉ် အောက်ဆီဂျင် လီတာ ၄၀ ဝင် ဓာတ်ငွေ့အိုး (၂၀၀၀)ခန့်နှင့် ဓာတ်ငွေ့စက်ရုံ (မန္တလေး)မှ နေ့စဉ် အောက်ဆီဂျင် လီတာ ၄၀ ဝင်ဓာတ်ငွေ့အိုး (၅၀၀)ခန့် ထုတ်လုပ်ပေးခဲ့ပြီး နေ့စဉ် အောက်ဆီဂျင်ကုဗပေ စုစုပေါင်း (၄၉၈၂၀၀) လီတာ ၄၀ ဝင် အောက်ဆီဂျင် ဓာတ်ငွေ့အိုး (၂၅၀၀)လုံးခန့်အား သက်ဆိုင်ရာ နယ်မြေဒေသ အသီးသီးရှိ အောက်ဆီဂျင်လိုအပ်ချက်ရှိသော ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာများသို့ ပိတ်ရက်မရှိ နေ့စဉ် ၂၄ နာရီပတ်လုံး ဖြည့်သွင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ အောက်ဆီဂျင်ဓာတ်ငွေ့ လိုအပ်ချက် ထပ်မံဖြည့်ဆည်းပေးနိုင်ရန် ပြည်ပမှ မှာယူထားသော လီတာ ၄၀ ဝင် အောက်ဆီဂျင်အိုးအသစ် အလုံး(၅၀၀) မှာ အောက်ဆီဂျင် စက်ရုံ(မင်းဓမ္မ)သို့ ရောက်ရှိခဲ့ပြီးဖြစ်၍ ပြည်သူ့ဆေးရုံများ၊ ကိုဗစ် ကုသရေးစင်တာများနှင့် ပုဂ္ဂလိက လိုအပ်ချက်များသို့ ပိုမိုတိုးမြှင့် ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်