နေပြည်တော် စက်တင်ဘာ ၂၃

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း (၃)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၅)ခုမှ ယာဉ်စီးရေ (၁၀) စီးဖြင့် အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးဖြင့်တန် (၂၀) ၊ အောက်ဆီဂျင် (အိုးခွံ) (၃၄၆၀)၊ Oxygen Plant (၁)ခု၊ အိမ်သုံး Oxygen Concentrator (၁၀၅) ခုနှင့် နှာခေါင်းစည်း (Mask) (၄၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ် (၁) စီးမှာ ပဲခူးမြို့သို့ ဖြစ်ပြီး Oxygen Plant (၁)ခုမှာ မူဆယ်မှ ဟားခါးမြို့သို့(၁)ခု ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

(သတင်းစဉ်)