နေပြည်တော် ဇူလိုင် ၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းအရှိန် အဟုန်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နေပြည်တော်၌ Video Conference ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ယခုရုံးပိတ်ရက်ရှည်အတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ပန်ကြားချက်များအား တိတိကျကျလိုက်နာခြင်းဖြင့် ရောဂါကူးစက်မှု (Chain of Transmission)ကို ဖြတ်တောက်နိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများက တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်း၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ ပြည်နယ်နှင့်တိုင်းအလိုက် အောက်ဆီဂျင်ထုတ်လုပ်မှုနှင့် လိုအပ်ချက်ကို mapping ရေးဆွဲထား၍ ဗဟိုနှင့်ညှိနှိုင်းကာ အောက်ဆီဂျင်မပြတ်လပ်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာများကို နှောင့်နှေးမှုမရှိစေဘဲ ကုသမှုရရှိစေရန် ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများတွင်လည်း ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် Infection Prevention and Control Guideline အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့်သူစာရင်း တိတိကျကျရရှိရေး၊ ကာကွယ်ဆေးထိုးမှတ်တမ်း စနစ်တကျထား ရှိရေးနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်ပြားများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုတတိယလှိုင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည့်အတွေ့ကြုံများကို အသုံးချ၍ ပြည်သူလူထု အတွက် နောင်တစ်ချိန်တွင် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများက လက်ရှိကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


