ကမာရွတ် ၁၈ မေ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ကမာရွတ် တက္ကသိုလ်နယ်မြေရှိ အမရာ၊ သံပျင်ဆောင်၊ အဓိပတိဆောင်၊ ဧကရီဆောင် Quarantine Center များသို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းက အလှူရှင်များက သွားရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းရာတွင် နိုင်ငံခြားသင်္ဘောသားများ စုစည်းတည်ထောင်ထားသော SEA RANGER ပရဟိတအဖွဲ့က PPE ဝတ်စုံများ၊ KN95 Mask များ၊ FFP3 Mask များ၊ လက်အိတ်များ၊ Apron များနှင့် Surgical Grown ဝတ်စုံများကိုလည်းကောင်း၊ မွန်မြတ်စေတနာ ပရဟိတအသင်း(NCV)က အပေါ့စား လေအေးပေးစက် လေးလုံးကိုလည်းကောင်း လာရောက်လှူဒါန်းကြသည်။
လှူဒါန်းသည့်ပစ္စည်းများကို Quarantine Center များ စီမံကြီးကြပ်သူ စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ သင်္ဘောအင်ဂျင်နီယာချုပ် ဦးယုမောင်နှင့် စင်တာအသီးသီးမှ ဆရာဝန်/သူနာပြုများက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


