ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ကန်ကြီးထောင့် ၂၁ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုငွေပေးအပ်ပွဲကို ဇွန် ၂၁ ရက် နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ကိုဗစ် - ၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်း၊ ပြည်ပပြန်များအား အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးတာဝန်များကို စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ကော်မတီဝင်များမှ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နန်းထိုက်(ပြန်/ဆက်)