ရန်ကုန် ၁ မေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် အနေဖြင့် စေတနာရှင် အလှူရှင်များ၏ ကိုယ်စား We Love Yangon က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ လှူဒါန်းသည့် “မျှဝေခြင်းအစီအစဉ်” ကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ ဆောင်ရွက်ကြသည်။
We Love Yangon အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် (၁၀) နန်းစုရွှေစင် က “ အခြေခံ လူတန်းစားပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးနေတာပါ။ လှူဒါန်းတဲ့အခါမှာလည်း လူစုလူဝေး မဖြစ်ပေါ်အောင် အိမ်အရောက် လိုက်လံလှူဒါန်းကြတာပါ။ ဒီကာလမှာ စားသောက်ဖို့ အခက်အခဲရှိနေနိုင်တဲ့ အခြေခံ ပြည်သူတွေအတွက် နေအိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာနေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး အခုလိုဆောင်ရွက်တာ ဖြစ်ပါတယ်” ဟုပြောသည်။
လှူဒါန်းမှုအနေဖြင့် We Love Yangon နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါရပ်ကွက်အတွင်း ရိုးကြီးချောင်း အနီးတလျှောက် နေထိုင်ကြသူများအနက် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၁၆၅ စုတို့အား အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီ တစ်ပိဿာ၊ ငရုတ်သီးမှုန် တစ်ထုပ် တို့ပါဝင်သည့် အခြေခံ စားသောက်ကုန်လေးမျိုးကို သက်ဆိုင်ရာ၏ ကြီးကြပ်စီစဉ်မှုဖြင့် လှူဒါန်းကြခြင်းဖြစ်သည်။
We Love Yangon သည် လူထုအခြေပြု ပရဟိအဖွဲ့ဖြစ်ပြီး ယခုအခါ အဆိုပါအဖွဲ့အနေဖြင့် စေတနာရှင်အလှူရှင်များ၏ ကိုယ်စား “မျှဝေခြင်းအစီအစဉ်” အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


