မော်စကို ၁၇ နိုဝင်ဘာ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် နိုဝင်ဘာ ၁၆ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ရုရှားလုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအပေါ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အလားအလာများနှင့် ပတ်သက်၍ အဓိကထားဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပူတင်နှင့် နေတန်ယာဟုသည် ဆက်သွယ်ဆွေးနွေးစဉ် နှစ်နိုင်ငံစလုံးက လက်ရှိလုပ်ဆောင်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးနယ်ပယ်၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အလေးထား ဆွေးနွေးခဲ့ကြကြောင်း ရုရှားအစိုးရမှ ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။

ထို့အတူ နှစ်နိုင်ငံခေါင်းဆောင်တို့သည် ရုရှားလုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အစ္စရေးနိုင်ငံသို့ ပံ့ပိုး ပေးရေးနှင့် အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးအစီအစဉ်များ အပါအဝင် ရုရှားလုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပေါ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလားများနှင့် စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့အပြင် ရုရှားနှင့် အစ္စရေးခေါင်းဆောင်တို့သည် အရှေ့အလယ်ပိုင်းဒေသအတွင်း နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ