နေပြည်တော် ဇွန် ၇

ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး နှစ်ပတ်လည် ဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ                 သက်ခိုင်ဝင်း က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် ရရှိခဲ့သောအောင် မြင်မှုများ အပေါ် အခြေခံ၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပိုမိုအားဖြည့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ (Vaccine Preventable Disease) များအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအားလည်း အထူးဦးစားပေး ဆောင်ရွက်သွားရန်လိုပါကြောင်း။

ယခင်နှစ်များတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကြောင့် ကမ္ဘာ့နိုင်ငံများတွင် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ  အားနည်းခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ပုံမှန်ကာကွယ် ဆေးထိုး လုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ ကျဆင်းခဲ့သဖြင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက် ရောဂါများ ဖြစ်ပွားနိုင်သည့် ဦးတည်အုပ်စုများကို ကြိုတင်ရှာဖွေကာ ရောဂါများဖြစ်ပွားမှုအား အထူး စောင့်ကြပ်ကြည့်ရှုပြီး ကပ်ရောဂါအသွင် မဖြစ်ပွား‌အောင် ကြိုတင်ကာကွယ်ရန် လိုအပ်ပါကြောင်း။

 အကယ်၍ ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ကြိုတင်စီမံ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကာကွယ်ဆေး များအား  သက်တမ်းမကုန်ဆုံးမီ အအေးလမ်း ကြောင်းမပျက် စနစ်တကျထိန်းသိမ်း၊ သိုလှောင်၊ ဖြန့်ဝေသုံးစွဲနိုင်ရေး စီမံထားရန်လိုအပ်ပါကြောင်း၊ ကာကွယ် ဆေးထိုးလုပ်ငန်းသာမက အခြား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း တပြိုင်နက်ထဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သတိထားရန် လိုအပ်ပါကြောင်း။

ဝေးလံခက်ခဲသည့် ဒေသများတွင် ဒေသအလိုက် စီမံချက်များရေးဆွဲထားရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက် ထိုးနှံသည့်အချိန်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကိုပါ တစ်ပြိုင်နက်ထဲ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံသည့် အချိန်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအခြေအနေကို ဆန်းစစ်၍ မထိုးနှံရသေးပါက ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆေးရုံများတွင်အခြေပြု၍ တိုးချဲ့ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

နောက်ထပ်ပေါ်ထွက်လာနိုင်သည့် ကူးစက်ရောဂါ အသစ်များကို စောင့်ကြပ်ကြည့်ရှုရေးနှင့် ဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ထိန်းချုပ်တုံ့ပြန် ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန် ဗဟိုနှင့်ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့အကြား စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က  တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 

 အစည်းအဝေးကို ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး နှစ်ရက်တာအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များ တာဝန်ရှိပုဂ္ဂိုလ်များနှင့် WHO ၊ UNICEF မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြသည်။

(သတင်းစဉ်)