၂၉ ဧပြီ

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၁၀၀၀၀ ကျော်ရှိသွားပြီဖြစ်သလို ကူးစက်ခံရသူဦးရေကလည်း သုံးသန်း အထိရှိလာတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလျက် ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့လည်း အပါအဝင်ဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်မယ့် ဆေးဝါး တွေထုတ်လုပ်ရေး အတူတကွလက်တွဲ ဆောင်ရွက်လျက်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ပြောကြားခဲ့ပါတယ်။

 

အတူတကွ လုပ်ဆောင်ခဲ့ကြ

 

စီးပွားရေးအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော် ကာလကတည်းက နိုင်ငံတကာကအသိအမှတ်ပြု ထားတဲ့ ပူးတွဲကာကွယ်ဆေးထုတ်လုပ်ရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ တီဘီရောဂါတို့ကို ကုသနိုင်ရေးအတွက် အတူတကွ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ်ကာလမှာလည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို စမ်းသပ်ဖို့ စီစဉ်လျက်ရှိပါတယ်။

 

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ကာကွယ်ဆေးနဲ့ ဆေးဝါးတွေ အများအပြားထုတ်လုပ် တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကုမ္ပဏီခြောက်ခုနဲ့ ဖွဲ့စည်းထားသော ကာကွယ်ဆေးအဓိက ထုတ်လုပ် တဲ့အဖွဲ့နဲ့ အသေးစားကာကွယ်ဆေး ထုတ်လုပ်တဲ့ကုမ္ပဏီတွေရှိပြီး ပိုလီယို၊ အအေးမိနှာစေး၊ ဦးနှောက်အမြှေးရောင် ရောဂါ၊ ဝက်သက်၊ မော်နာ စတဲ့ရောဂါ တွေအတွက် တစ်ခါသုံးဆေးဝါးတွေကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ တစ်ဝက်လောက်က ကိုဗစ်-၁၉ ရောဂါကို ဖြစ်ပေါ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးတွေ စမ်းသပ် ထုတ်လုပ်နေပြီဖြစ်ပါတယ်။

 

အဲဒီအိန္ဒိယကုမ္ပဏီတွေထဲမှာ ဆီရမ် လုပ်ငန်းစုလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းစုဖြစ်သလို တစ်ခါသုံးဆေးဝါး အများအပြားထုတ်လုပ်ကာ ကမ္ဘာတစ်ဝန်းကို ရောင်းချပေးနေတဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။ သက်တမ်း ၅၃ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဲဒီကုမ္ပဏီဟာ ပူနေမြို့အနောက်ပိုင်းမှာရှိတဲ့ ဆေးဝါးစက်ရုံနှစ်ခုကနေ တစ်နှစ်ကို တစ်ခါသုံးဆေးဝါး ၁ ဒသမ ၅ ဘီလီယံ ထုတ်လုပ်နေတာဖြစ်ပါတယ်။ အဲဒီကုမ္ပဏီ အနေနဲ့ နယ်သာလန်နိုင်ငံနဲ့ ချက်နိုင်ငံတို့မှာ လည်း အသေးစားစက်ရုံနှစ်ခု တည်ဆောက်ကာ ဆေးဝါးတွေ ထုတ်လုပ်နေတာဖြစ်ပြီး ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်တဲ့ အလုပ်သမား ကလည်း ၇၀၀၀ ခန့်ရှိပါတယ်။

 

ဆီရမ်လုပ်ငန်းစုဟာ နိုင်ငံပေါင်း ၁၆၅ နိုင်ငံကို ကာကွယ်ဆေးအမျိုးပေါင်း ၂၀ ထောက်ပံ့ပေးလျက်ရှိပါတယ်။ အဲဒီကာကွယ် ဆေးတွေရဲ့ ၈၀ရာခိုင်နှုန်းဟာ ပို့ကုန်တွေအဖြစ် တင်ပို့ခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကတော့ တစ်ခါသုံးဆေးဝါးတွေ ဖြစ်ပြီး ဒီဆေးတွေဟာ ကမ္ဘာမှာ ဈေးအသက်သာဆုံးဆေးဝါးတွေပဲ ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာတော့ ဆီရမ်လုပ်ငန်းစု အနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်လျက်ရှိတဲ့ ကာကွယ်ဆေးအမျိုးပေါင်း ၈၀ ကျော် အနက်ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကာကွယ်ဆေး တစ်မျိုးကို ထုတ်လုပ်ဖို့ အမေရိကန်နိုင်ငံ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Codagenix ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

လူသားတွေနဲ့ စတင်စမ်းသပ်သွားသင့်

 

အိန္ဒိယနိုင်ငံ ဆီရမ်လုပ်ငန်းစုကုမ္ပဏီနဲ့ အမေရိကန်နိုင်ငံ Codagenix ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မယ့် ကာကွယ်ဆေးတစ်မျိုးကို ဧပြီလအတွင်းမှာ တိရစ္ဆာန်တွေနဲ့ စမ်းသပ်သွားဖို့ စီစဉ်နေတာဖြစ်ပြီး စက်တင်ဘာလ အတွင်းမှာ လူသားတွေနဲ့ စတင်စမ်းသပ်သွား သင့်တယ်လို့ ဆီရမ်လုပ်ငန်းစုမှ အမှုဆောင် အရာရှိချုပ်အက်ဒါပူးနာဝယ်လာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုထံ ဖုန်းဆက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အက်ဒါပူးနာဝယ်လာရဲ့ အထက်ပါ လုပ်ငန်းဟာ ဗြိတိန်အစိုးရရဲ့ထောက်ခံမှုနဲ့အတူ အောက်စ်ဖို့ဒ်တက္ကသိုလ်က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတစ်မျိုးကိုလည်း အများအပြား ထုတ်လုပ်နိုင်ဖို့ အစုဝင်ထားတယ်လို့ ဆိုပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်အနေနဲ့ လူသားတွေနဲ့ စမ်းသပ်မှုကို စတင်ဆောင်ရွက် လျက်ရှိပြီး အောင်မြင်မှုရရှိမယ်ဆိုပါက စက်တင်ဘာလအတွင်းမှာ တစ်ခါသုံးဆေးတွေကို အနည်းဆုံးအရေအတွက် တစ်သန်း ထုတ်လုပ်နိုင်ဖို့လည်း သိပ္ပံပညာရှင်များက မျှော်လင့်ထားတာ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့အားလုံး အသွားအလာ ကန့်သတ်မှုကနေ လွတ်မြောက်ဖို့နဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကို အဆုံးသတ်ဖို့အတွက် အခုနှစ်ကုန်ပိုင်းမှာ တစ်ကမ္ဘာလုံးအနေနဲ့ တစ်ခါသုံးကာကွယ်ဆေး သန်းချီပြီး လိုအပ်ပါ လိမ့်မယ်လို့ အောက်စ်ဖို့ဒ်ရှိ ဂျန်နာအင်စတီကျူး တွင် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ အက်ဒရီယန်ဟေးလ်ကဘီဘီစီရဲ့ ကျန်းမာရေးနှင့် သိပ္ပံသတင်းထောက် ဂျိမ်းစ်ကာရေဂါကို ပြောကြားခဲ့ပါတယ်။

 

နှာတစ်ဖျားအသာနဲ့ ဦးဆောင်

 

လက်ရှိအခြေအနေအရ အိန္ဒိယကာကွယ် ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်ရာမှာ အခြားကုမ္ပဏီတွေကို နှာတစ်ဖျားအသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ မစ္စတာ ဒူးနာဝယ်လာရဲ့ လုပ်ငန်းစု တစ်ခုတည်းကနေ တစ်ခါသုံးဆေး သန်း ၄၀၀ ကနေ သန်း ၅၀၀ အထိ ပိုမိုလုပ်ဆောင်နိုင်စွမ်း ရှိနေတာဖြစ်ပြီး အခုလိုရင်းနှီးမြှုပ်နှံလိုက်တဲ့ အတွက်လည်း စွမ်းဆောင်ရည်တွေ အများကြီးရရှိခဲ့တယ်လို့ မစ္စတာ ပူးနာဝယ်လာက ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘက်မြို့ အခြေစိုက် ဘာရက်ဇီဝနည်းပညာကုမ္ပဏီ ကလည်း ကမ္ဘာတစ်ဝန်းကို ဖြန့်ဖြူးပေးဖို့ အတွက် တစ်ခါသုံးကာကွယ်ဆေးဝါး သန်း ၃၀၀ နီးပါးထုတ်လုပ်ဖို့ ဝစ်ကွန်ဆင် မက်ဒီဆင်တက္ကသိုလ်၊ အမေရိကန်အခြေစိုက် ဖလူဂျန်ကုမ္ပဏီတို့နဲ့အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ကြေညာခဲ့ပါတယ်။

 

မျှော်လင့်မထားသင့်

 

အိန္ဒိယနိုင်ငံရဲ့ အခြားသောကုမ္ပဏီနှစ်ခု Good Biological E moose Mynvax ကုမ္ပဏီတို့က ကာကွယ်ဆေးတစ်မျိုးစီ ထုတ်လုပ်နေချိန်မှာ Zydus Cadilla ကုမ္ပဏီ ကလည်း ကာကွယ်ဆေးနှစ်မျိုးကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခြားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လေး၊ ငါးမျိုးကိုလည်း စမ်းသပ်ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူသားတွေအနေနဲ့ မကြာခင် အချိန်မှာ ဈေးကွက်အတွင်း ကာကွယ်ဆေး တစ်မျိုးရရှိမယ်လို့တော့ မျှော်လင့်မထားသင့်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

 

ကာကွယ်ဆေးတစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်မယ်ဆိုတဲ့ အာမခံချက် မရှိသေးတဲ့အတွက် ကြိုတင်သိမြင်နိုင်တဲ့ အနာဂတ်ကာလမှာ လူသားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ရဲ့ခြိမ်းခြောက်မှုတွေနဲ့ အသက်ရှင်နေထိုင်ရ လိမ့်မယ်လို့လန်ဒန်မြို့ရှိ Imperial College မှ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဒေးဗစ်နာဗာရိုက ပြောကြားခဲ့ပါတယ်။

 

အောက်စ်ဖို့ဒ်တက္ကသိုလ်ကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို ဧပြီ ၂၃ ရက်က လူသားတွေနဲ့ စမ်းသပ်မှု စတင်ပြုလုပ်ခဲ့ပြီး ဗြိတိန်ကျန်းမာရေးဝန်ကြီး မက်ဟန်းကော့က အောက်စ်ဖို့ဒ်စီမံကိန်း အတွက် ရန်ပုံငွေ ပေါင် သန်း ၂၀ တောင်းဆို ထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ အိန္ဒိယနိုင်ငံက ကုမ္ပဏီ အများအပြားကြိုးပမ်းလျက်ရှိသလို ဗြိတိန် နိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးကိုရှာဖွေဖို့နဲ့ ရလဒ်တွေကိုမျှဝေဖို့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီနိုင်ငံအပါအဝင် အခြားသောနိုင်ငံနဲ့ ကမ္ဘာ့အဖွဲ့အစည်း ၂၀ တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီထားတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောကြားထားပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်တဲ့ နေရာမှာ အိန္ဒိယနိုင်ငံအနေနဲ့ အရေးပါတဲ့အခန်း ကဏ္ဍကနေ ဘယ်လိုပါဝင်လာမလဲဆိုတဲ့ မေးခွန်းတစ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

ကိုးကား-ဘီဘီစီ

အလင်းသစ်