တိုကျို ၁ စက်တင်ဘာ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရာထူးမှနုတ်ထွက်သည့် ၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းပြောဆိုခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အကောင်းမွန်ဆုံး ဖြစ်စေရန်ကူညီခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ထရမ့်ကို ပြောကြားခဲ့သည်။

 

ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနုတ်ထွက်ကြောင်း ရှင်ဇိုအာဘေးက သြဂုတ် ၂၈ ရက်တွင် ကြေညာခဲ့ပြီးနောက် ပြည်ပခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ် ဖုန်းပြောဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၃၀ ကြာ ဖုန်းပြောဆိုမှုအတွင်း အာဘေးနှင့် ထရမ့်တို့က ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲခဲ့မှု၊ လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ဒုံးကျည်ကာကွယ်ရေး မဟာဗျူဟာ သက်တမ်းတိုးမည့် ဂျပန်နိုင်ငံ၏ အစီအစဉ်များကို ဆွေးနွေးခဲ့သည်ဟု အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုင်းဒဲဆူဂါက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

 

ရှင်ဇိုအာဘေးကို ဂျပန်နိုင်ငံ၏ သမိုင်းတွင်အထူးချွန်ဆုံး ဝန်ကြီးချုပ်အဖြစ် မကြာမီ အသိအမှတ်ပြုမည်ဖြစ်ပြီး ၎င်း၏အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးမှာ အကောင်းမွန်ဆုံး ဖြစ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဖုန်းပြောဆိုပြီးနောက် တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဒေါ်နယ်ထရမ့် အာဏာရရှိလာပြီးနောက် ခေါင်းဆောင်နှစ်ဦးက ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ဂေါက်ရိုက်ပြိုင်ပွဲများစွာ အတူတကွ ကစားခဲ့ကြကြောင်း၊ နောင်နှစ်ပေါင်းများစွာအထိ ချစ်ကြည်ရင်းနှီးမှု ဆက်လက်ထားရှိရန်၎င်းတို့က မျှော်လင့်ပါကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

 

ဆက်ခံသူအသစ် ရွေးချယ်ချိန်အထိ ရှင်ဇိုအာဘေး က ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။ ရှင်ဇိုအာဘေးဦးဆောင်သည့် အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီက စက်တင်ဘာ ၁၄ ရက်တွင် ခေါင်းဆောင်ပိုင်းရွေးချယ်မှု ကျင်းပရန်စဉ်းစားနေကြောင်း ပါတီမှ လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်နေရာ မည်သူဆက်ခံသည်ဖြစ်စေ ဂျပန်အမေရိကန် မဟာမိတ်ပြုမှု တိုးမြှင့်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ရှင်ဇိုအာဘေးက ထရမ့်ကို ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲမှု ကိစ္စဖြေရှင်းမည့် ဂျပန်နိုင်ငံ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံရန် ရှင်ဇိုအာဘေးကထရမ့်ထံ တောင်းဆိုခဲ့သည်။

 

ကမ္ဘာ့စီးပွားရေးကို ဖျက်ဆီးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ရာတွင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့သည်။

 

ကိုးကား - ကျိုဒိုနယူးစ်

ဘာသာပြန် - ကျော်ထိုက်စိုး