မန္တလေး ၊ ၁၁ ဇန်နဝါရီ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) က ကျပ်သိန်း ၅၀ဝ ကနဦးမတည်ငွေထည့်ဝင်ထားပြီး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

 

ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့ဖြစ်ပွားမှုကြောင့် ကျန်းမာရေးသာမက လူမှုရေး၊ စီးပွားရေးတို့တွင်လည်း ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် ကာကွယ်ဆေး အမြန်ဆုံးထိုးနှံနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသာမက ပြည်သူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ငွေအား၊ လူအားဖြင့် ပူးပေါင်းပါဝင်မှသာလျှင် ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း MRCCI မှ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိနိုင်ရေးအတွက် ပထမအကြိမ် ငွေကျပ် သိန်း ၅၀ဝ ကို ကနဦးမတည်ထားပြီး အသင်းသူ၊ အသင်းသားများ၊ ညီနောင်အသင်းသားအဖွဲ့များ၊ အမှုဆောင်များ၊ လုပ်ငန်းရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖော်ပြထားသည်။

 

လှူဒါန်းလိုသူများအနေဖြင့် KBZ Bank ဘဏ်စာရင်းအမှတ် 026-304-02602409901  သို့မဟုတ်  Yoma Bank ဘဏ်စာရင်းအမှတ် 004145188500116 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ရေးသားထားသည်။ ရရှိလာသည့် အလှူငွေများအား ကာကွယ်ဆေးရရှိရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေရရှိရေး စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ အလှူရှင်များ၏ အမည်နှင့် လှူဒါန်းငွေစာရင်းများအား မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း facebook စာမျက်နှာတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မေသက်ထား