နေပြည်တော် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေအသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးမည့် အစီအစဉ်စနစ်တကျရှိစေရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtualစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေအသုံးပြု၍ ဆေးဝါးများ တင်သွင်းဖြန့်ဖြူးမည့် ကုမ္ပဏီများကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ စိစစ်ကြပ်မတ်ပြီး နိုင်ငံတော်မှ ရောင်းချပေးသည့် နိုင်ငံခြားငွေများကို စနစ်တကျဖြင့် ထိထိရောက်ရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန်၊ ဦးစားပေးတင်သွင်း ဖြန့်ဖြူးမည့် ဆေးအမျိုးအစားများကို အတည်ပြုသတ်မှတ်၍ ဆေးဝါးများတင်သွင်း ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းစဉ်များကို တိကျစွာသတ်မှတ်ဆောင်ရွက်ပေးရန်နှင့် တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် မှာကြားသည်။
ယင်းနောက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် နိုင်ငံခြားငွေအသုံးပြု၍ ဆေးဝါးများတင်သွင်းဖြန့်ဖြူးရာတွင် အများပြည်သူအသုံးပြုမှုများ ပြားသည့်ဆေးဝါးများကို ဦးစားပေးတင်သွင်းရေးနှင့် ဆေးဝါးများဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စက်မှုဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန် OSS Task Force အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)