နေပြည်တော် မတ် ၂၄

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး အစီအစဉ်များကို ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ “ဝ စသည့် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် အသိပညာပေး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးအစီအစဉ်တွေကို တိုင်းရင်းသား ဘာသာ ၁၁ ဘာသာနဲ့ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါတယ်။ တိုင်းရင်းသားရုပ်သံလိုင်း ကနေ တိုင်းရင်းသား ဘာသာတွေ ထုတ်လွှင့်ချိန် နံနက် ၆ နာရီကနေ ည ၁၁ နာရီအတွင်း တိုင်းရင်းသားဘာသာ တစ်ခုချင်းကို နာရီစဉ် အလိုက် ထုတ်လွှင့်တာ ဖြစ်ပါတယ်။ ဒီလို နာရီစဉ်အလိုက် ထုတ်လွှင့်နေချိန် အတွင်းမှာ တိုင်းရင်းသားပြည်သူတွေ ကျန်းမာရေး ဆိုင်ရာ အသိရှိကြပြီး သတိပြုလိုက်နာကြစေဖို့ ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အသိပညာပေး အစီအစဉ်တွေကို ရိုက်ကူး ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ပင်မသတင်းမှာလည်း ထည့်ဖတ်ပေးသလို နယ်သတင်း ဌာနခွဲ ၁၁ ခုကနေ ပေးပို့တဲ့ ဒေသအသီးသီးရဲ့ အသိပညာပေး ကြိုတင်ကာကွယ် ထားရှိမှုတွေကိုပါ ဒေသသတင်း အနေနဲ့ ထုတ်လွှင့်ပေး နေပါတယ် ဟု မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြား ရေးမှူး (တိုင်းရင်းသား) ဒေါ်သင်းသင်းဆွေ က ပြောသည်။

 

တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာ ပေးအစီအစဉ်များ အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးရသတင်းများနှင့် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုပါ တိုင်းရင်းသားဘာသာ အစီအစဉ်များဖြင့် တိုင်းရင်းသား ပြည်သူများ သိရှိနိုင်ရန် စီစဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အတူ မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး အစီအစဉ်များကို ကချင်၊ ကယား၊ ကယန်း၊ ဂေခို၊ ဂေဘား၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ စကောကရင်၊ အနောက်ပိုး ကရင်၊ အရှေ့ပိုးကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ “ဝ၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနု စသည့် တိုင်းရင်းသား ဘာသာ ၁၇ မျိုးဖြင့် တိုင်းရင်းသားပြည်သူများ သိရှိနိုင်ရန် အတွက် အသံလွှင့်ပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ အသိပညာပေးတဲ့ နှာခေါင်းစည်း ဘယ်လို စည်းမလဲ၊ လက်ဘယ်လိုဆေးမလဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဘာတွေ ထုတ်ပြန်ပေးနေသလဲ ဆိုတာတွေ၊ ကိုဗစ်-၁၉ ရောဂါ နောက်ဆုံးဖြစ်ပွားမှု အခြေအနေတွေကို တိုင်းရင်းသားဘာသာတွေနဲ့ တိုင်းရင်းသားပြည်သူတွေ သိရှိအောင် အသံလွှင့်ပေး နေပါတယ် ဟု မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူး (အသံလွှင့်) ဒေါ်သိလ္လာစိုးက ပြောသည်။

 

ကေတာ