ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သာစည်မြို့အဝင်များ၌ ကျန်းမာရေးစစ်ဆေး

သာစည်  ၅  မေ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့အဝင်နေရာများတွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် ၂၄ နာရီ ပတ်လုံး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း များပါဝင်သော ပူးပေါင်းအဖွဲ့က မြို့တွင်းဝင်ရောက်မည့်သူများ၊ ဖြတ်သန်းသွားမည့်သူများအား ကိုယ်အပူချိန် တိုင်းခြင်း၊ နှာခေါင်းစည်းတပ်ဆင်ပေးခြင်း၊ လိုအပ်သော အချက်အလက်များ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ထွက်ခွာလာရာဒေသ၊ သွားရောက်မည့် နေရပ်လိပ်စာ၊ ရောက်ရှိသည့်ရက်စွဲ အချိန်များ စသည်ဖြင့် လိုအပ်သော အချက်အလက်များကို ရယူဆောင်ရွက်လျက်ရှိသည်။

သုံးနေရာ ဆောင်ရွက် ထိုသို့ကျန်းမာရေးစစ်ဆေးခြင်းကို မိတ္ထီလာတောင်ကြီးလမ်းနှင့် ပျော်ဘွယ်လမ်းဆုံ ဘုရားငါးဆူ ကျေးရွာ၊ မြို့အနောက်ဘက်အဝင်နှင့် မြို့အရှေ့ဘက်အဝင် သုံးနေရာတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်း(သာစည်)