တောင်ကြီး ၂၉ စက်တင်ဘာ
ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ရောဂါခံစားနေရသော Positive လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၁၅၀)၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ကိုဗစ်-၁၉ ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၅၀)၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်း (၇)မျိုးတို့အား ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူငွေများ လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကမ္ဘောဇအုပ်စု ကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ရှင်းလင်းပြောကြားပြီး အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့က လက်ခံရယူပြီး ရှမ်းပြည်နယ် Covid-19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)