လေးမျက်နှာ ၇ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိုန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရောဂါကာကွယ် ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေမည့် လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ အောင်မင်္ဂလာဈေးနှင့် စောင့်ကြည့်စင်တာများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အလှူရှင်များမှ မြို့နယ်ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စင်တာများ၌ လိုအပ်သည့် ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးရှိ သား၊ ငါးတန်းများနှင့် အထက (လေးမျက်နှာ)စောင့်ကြည့်စင်တာတို့တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်းများကို အကျယ်တဝင့် ရှင်းလင်း သရုပ်ပြသခြင်း၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီသို့ ဦးကျော်ဝင်းနိုင် စည်ပင်ဝန်ကြီး (ငြိမ်း)မိသားစုမှ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဆေးဖျန်းပုံးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်း၊လေးမျက်နှာမြို့နယ် အခြေခံပညာ၊ ပညာရေးလုပ် သားများသမဂ္ဂ ကိုဗစ်-၁၉ ကူညီကာကွယ်စောင့်ရှောက်ရေးကော်မတီမှ Facility Quarantine Center များဖြစ်သည့် လက်ကရင်ဘုရားရှိခိုးကျောင်း၊ အ.မ. က (နဂျီကုန်း)၊ မူလွန်-ညောင်ဝိုင်း၊ အ.မ.က (ကုန်းကြီး)နှင့် အ.ထ.က(လေးမျက်နှာ) ကျောင်းတို့အား Mask၊ PPE ဝတ်စုံ၊ ရေသန့်ဘူးနှင့် Hand Gel များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)


