နေပြည်တော် သြဂုတ် ၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးရရှိရေး၊ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ နည်းလမ်းတကျ ရရှိရေးအတွက် ကုန်သည်/စက်မှု အသင်းချုပ်က သက်ဆိုင်ရာကော်မတီများ၊ ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် UMFCCI Task Force ကို ဇူလိုင် ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် သက်ဆိုင်သည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ တင်သွင်းရာတွင် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)သို့ One-Time Permit များ လျှောက်ထားရာတွင် လက်ခံဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာန အသီးသီးနှင့် ချိတ်ဆက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။
Task Force ကို ကုန်သည်/စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်း ခေါင်းဆောင်ကာ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးသန့်နှင့် ဦးဇေယျသူရမွန် တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
MDN၊ Photo-UMFCCI


