နေပြည်တော် နိုဝင်ဘာ ၇
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ခေါင်းဆောင်သော ကွင်းဆင်းအဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လည်းကောင်း အောက်တိုဘာ ၂၉ ရက်မှစ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာ ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့နယ် (၂၁) မြို့နယ်အနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်မည့် မြို့နယ် (၁၀) မြို့နယ်အဖြစ် တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဟိုပုန်းမြို့နယ်၊ ရွာငံမြို့နယ်၊ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ လင်းခေးမြို့နယ်၊ ပင်းတယမြို့နယ်တို့ကို သတ်မှတ်ပြီး အထူးအားဖြည့် ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ဆေးတက္ကသိုလ်တောင်ကြီး၊ ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ နောင်ထော်တိုက်နယ်ဆေးရုံ၊ ဆိုက်ခေါင်တိုက် နယ်ဆေးရုံ၊ ဟိုပုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ကလောမြို့နယ် ပြည်သူ့ဆေးရုံ၊ ညောင်ရွှေမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ နန့်ပန်တိုက်နယ်ဆေးရုံ၊ နမ့်စန်မြို့နယ်ဆေးရုံ၊ လွိုင်လင်ဆေးရုံကြီး၊ ရပ်စောက်မြို့နယ်ဆေးရုံ၊ ပင်းတယမြို့နယ်၊ မိုင်းအင်တိုက်နယ် ဆေးရုံများသို့လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအို့ဝ်နှင့်ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍လည်းကောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုတို့ကို အသေးစိတ်သုံးသပ်၍ လူနာသစ်ရှာဖွေခြင်းနှင့် ဦးတည်အုပ်စုများအလိုက် ဓါတ်ခွဲစစ်ဆေးမှု အားဖြည့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လူနာနှင့်အနီးကပ် ထိတွေ့သူများကိုရှာဖွေ၍ ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်း (Contact Tracing) လုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှု ကောင်းမွန်စေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကျန်းမာရေးအသိပညာ မြှင်တင်ရေးနှင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ လိုက်နာစေရေး ဆောင်ရွက်မည့်လုပ်ငန်းများ အသေးစိတ် ဆွေးနွေးပြီး မြို့နယ်များအလိုက် တင်ပြလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ကိုဗစ်-၁၉ ရောဂါ လူနာသစ်ရှာဖွေခြင်းနှင့် ဓါတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဓါတ်ခွဲစစ်ဆေးမှုများအား (၂) ဆခန့် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တစ်ခုလုံး အနေဖြင့် ရောဂါပိုးတွေ့ရှိမှုနှုန်းများလည်း စတင်ကျဆင်းလာကြောင်း တွေ့ရှိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများအားလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာ တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဓါတ်ခွဲစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် RDT Test Kit များနှင့် တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံ (PPE) များကို ကျန်းမာရေးဝန်ကြီးဌာနမှ မြို့နယ်များသို့ ပံ့ပိုးပေးခဲ့ပြီး လိုအပ်ချက်နှင့်အညီ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူလူထုနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ပြီး ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုများ အချိန်တို အတွင်းကျဆင်းပြီး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ပုံမှန်ဖွင့်လှစ်ဆောင် ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


