မန္တလေး ၁၆ မေ
မြန်မာ့သရက်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လုပ်အားပေးအဖွဲ့များအား မေ ၁၈ ရက်တွင် သရက်သီးများ စတင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအသင်းမှ မန္တလေးမြို့ ကုသိုလ်တော်ဘုရားတွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် သရက်သီးဈေးရောင်းပွဲတော်ကို နှစ်စဉ် မေလအတွင်း၌ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိသည့်အတွက် အသင်းအနေဖြင့် အဆိုပါပွဲတော်အစား အမှတ်တရဖြစ်စေရန် ရည်ရွယ်၍ သရက်စိုက်တောင်သူများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
“ကျွန်တော်တို့အသင်းက အခုလိုလှူဒါန်းဖို့အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးပြီး သရက်စိုက်တောင်သူတွေဆီက သရက်သီးတွေ အလှူခံခဲ့တဲ့အတွက် အခုဆို စိန်တလုံး အများအပြားနဲ့ အခြားသရက်သီးမျိုးစုံလည်း ကျွန်တော်တို့အသင်းမှာ ရောက်နေပါပြီ။ ဒီအစီအစဉ်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်လည်း ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် မေ ၁၈ ရက်ကစပြီး မန္တလေးတိုင်းအတွင်းက Quarantine စင်တာတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုပ်အားပေးတွေကို လှူဒါန်းသွားမှာပါ။ အသီးအရေအတွက် ကန့်သတ်ချက်မထားဘဲ အလှူခံလို့ရသလောက် လှူဒါန်းပေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
ယခုနှစ်သရက်သီးဈေးကွက် အခြေအနေမှာ ပေါ်ဦးပေါ်ဖျားကာလ၌ ဈေးကွက်ကောင်းမွန်သော်လည်း လှိုင်လှိုင်ထွက်ပေါ်လာသည့် ယခုမေလအတွင်း၌ တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချရာတွင် အခက်အခဲများရှိနေသည့်အပြင် ပြည်တွင်း၌လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဒေသန္တရတားမြစ်မိန့်များကြောင့် သယ်ယူပို့ဆောင်မှု အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် လက်ရှိအချိန်တွင် ဈေးကွက်ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


