တန့်ယန်း ၁၅ ဧပြီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုသည် တာဝန်ရှိသူများနှင့်အတူ တန့်ယန်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး (Covid-19) အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးကော်မတီနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ အဆုတ်ရောဂါ ကာကွယ်တားဆီရေးအတွက် လုပ်ငန်းသုံးပစ္စည်းများကို ဧပြီ ၁၅ ရက် နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုသည် တာဝန်ရှိသူများက လုပ်ငန်းသုံး PPE (Personal Protective Equipment) ဝတ်စုံ (၅၀)၊ နှာခေါင်းစည်း (၁၀၀၀)၊ ကလိုရင်းဆေးရည် (၂)ပုံး၊ ဆေးဖျန်းပုံး (၁)ပုံး၊ လက်ဆေးရည် (၁)ပုံး၊ အပူချိန်တိုင်းကိရိယာ (၂)ခု၊ ဟင်းစပီကာ (၁)ခုတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး (Covid-19) အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးနိုင်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုသည် တာဝန်ရှိသူများနှင့်အတူ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့်သူများအား ထားရှိသော အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ Community Based Facility Quarantine အတွင်းမှ ပြည်သူများအား အားပေးစကား ပြောကြားခဲ့သည်။
ထို့မှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန်နီတစ်ပိဿာ စသည့် အခြေခံစားသောက်ကုန်(၅)မျိုးကို အမှတ်(၅)ရပ်ကွက်အတွင်းရှိ ပြည်သူအချို့အား အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)