ဝါရှင်တန် ၁၁ နိုဝင်ဘာ
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် လုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်းရန် အမေရိကန်ရွေးကောက်ခံ သမ္မတဂျိုးဘိုင်ဒင်က ယမန်နေ့တွင် ကြေညာခဲ့သည်။
သမ္မတ ရာထူးအာဏာကို လွှဲပြောင်းရယူရန် အဆင်သင့်ဖြစ်နေသည့် ဂျိုးဘိုင်ဒင်က နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရန် လုပ်ငန်းအဖွဲ့တွင် ပါဝင်မည့် ဆေးဘက် ကျွမ်းကျင်ပညာရှင် ၁၃ ဦးကို ယမန်နေ့က ကြေညာခဲ့သည်။
ရွေးကောက်ပွဲအလွန်ကာလတွင် အမေရိကန်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ပူးပေါင်းကာကွယ်နှိမ်နှင်းကြရန် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် မည်သူ့ကို ထောက်ခံခဲ့သလဲဆိုသည်မှာ အရေးမကြီးပါကြောင်းနှင့် ယခုအချိန်မှာ ဗိုင်းရပ်စ်ကာကွယ် တားဆီးရေးအတွက် နိုင်ငံသားတိုင်း နှာခေါင်းစည်း ဝတ်ဆင်မည်ဆိုပါက လူ့အသက်ပေါင်းထောင်ပေါင်းများစွာကို ကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ဆိုသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဂျိုးဘိုင်ဒင်နှင့် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါတို့သည် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။
သို့သော် အမေရိကန်အစိုးရအဖွဲ့ တာဝန်ရှိသူများက သမ္မတရာထူးအာဏာလွှဲပြောင်းရန် လိုအပ်သည့် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးမှု မရှိသေးသည့်အတွက် အာဏာလွှဲပြောင်းမှုသည် နှောင့်နှေးကြန့်ကြာမှုများရှိနိုင်ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြကြသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်