သရက်ချောင်း ၂၁ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် နိုင်ရန်အတွက် ဈေးသူပြည်သူများအား ပလတ်စတစ်အကြည် မျက်နှာဖုံးများ ဝေငှပေးခြင်းကို ဧပြီ ၂၁ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့ စည်ပင်သာယာရေး ဈေးကြီးအတွင်း လိုက်လံဝေငှ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းပြီး မြို့မစည်ပင်သာယာရေး ဈေးကြီး၌ ရောင်းချနေသော ဈေးသူ/ဈေးသားများအား (mask)များ တပ်ဆင်၍ လည်းကောင်း၊ လက်အိတ်များ အသုံးပြု၍ လည်းကောင်း၊ ဈေးရောင်း/ဝယ်သူများကလည်း ဈေးအတွင်းသို့ ဝင်ရောက်ဈေးဝယ်လိုပါက (mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက် ဝယ်ယူစေလိုကြောင်းနှင့် ထိုသို့ဝယ်ယူရောင်းချရာတွင်လည်း တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ ဈေးရောင်းကြရန်လိုကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထို့နောက် ထားဝယ်မြို့ ကလျာဏမိတ္တဖောင်ဒေး ရှင်းမှလှူဒါန်းသော ပလပ်စတစ်အကြည် မျက်နှာဖုံး (၅၀)ခုကို မြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းသူများနှင့် မြတ်ပါရမီ ပရဟိတအသင်းတို့ကို တာဝန်ရှိသူများက လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)