ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှင့် ထိစပ်မှုရှိသဖြင့် ဘရာဇီးသမ္မတ သီးသန့်ခွဲခြားနေထိုင်

စက်တင်ဘာ ၂၃

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကျန်းမာရေးဝန်ကြီး မာစီလိုကီရိုဂါနှင့် ထိစပ်မှုရှိသဖြင့် နောက်ထပ်ငါးရက်ကြာ သီးသန့်ခွဲခြားနေထိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတ၏ အထူးဆက်သွယ်ရေးအတွင်းရေးမှူး အန်ဒရီ ဒီဆောစာကိုစတာက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ရန် ဘော်ဆိုနာရိုနှင့် လိုက်ပါလာသော ဘရာဇီးနိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်အားလုံးလည်း သီးသန့်ခွဲခြားနေထိုင်ရမည်ဟု ဆိုသည်။

ဘော်ဆိုနာရိုနှင့် အခြားတာဝန်ရှိသူများသည် စနေ၊ တနင်္ဂနွေအလွန်တွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုပြုလုပ်ရမည်။ အကယ်၍ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိပါက သီးခြားနေထိုင်ရခြင်းမှကင်းလွတ်မည် ဖြစ်သည်။

ထိုအတောအတွင်း မာစီလိုကီရိုဂါသည် အမေရိကန်နိုင်ငံရှိ ဟိုတယ်တွင် ၁၄ ရက်ကြာ ကွာရန်တင်းနေထိုင်ရမည်။

ကိုစတာ၏ ပြောကြားချက်အရ သမ္မတတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာလုံးဝမပြကြောင်းနှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်မည်ဟု သိရသည်။

ကိုယ်စားလှယ်အဖွဲ့ဝင်ဦးရေ ၅၀ ကျော်တွင်လည်း ကိုဗစ်ရောဂါ   လက္ခဏာပြသခြင်းမရှိကြောင်း ဖော်ပြထားသည်။

ဘော်ဆိုနာရိုသည် ၂၀၂၀ ခုနှစ်အလယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော်လည်း ကျန်းမာရေးအမြန်ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဘော်ဆိုနာရိုသည် သူ၏နယူးယောက်မြို့ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို