ဗီယန်ကျန်း ၃၀ မေ

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထပ်မံတွေ့ရှိခြင်း မရှိသောကြောင့် အသွားအလာကန့်သတ်မှု ထပ်မံဖြေလျှော့ရေးဆိုင်ရာ အသေးစိတ်အချက်အလက်ပါဝင်သော ကြောညာစာတစ်စောင်ကို လာအိုဝန်ကြီးချုပ်ရုံးက ယနေ့ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

ဇွန်လ ၂ ရက်မှ ၃၀ အထိ အကျုံးဝင်မည့် အဆိုပါ ကြောညာစာအရ လာအိုအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်သော အစီအမံများအား ဆက်လက်ထိန်းသိမ်းခြင်းနှင့်အတူ အသွားအလာကန့်သတ်မှုကို တဖြည်းဖြည်းချင်း ဖြေလျှော့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လာအိုပြည်သူများအနေဖြင့် နိုးနိုးကြားကြားရှိသင့်သလို ကိုဗစ်-၁၉ ရောဂါကာကွယ်တာဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ လာအိုအမျိုးသား လုပ်ငန်းအင်အားစု ကော်မတီမှ ချမှတ်ထားသည့် အစီအမံများကိုလည်း ဆက်လက်လိုက်နာသင့်ကြောင်း အဆိုပါ ကြောညာစာတွင် ဖော်ပြထားသည်။

 

ထို့အပြင် လာအိုအဏာပိုင်များနှင့် အခြားသက်ဆိုင်ရာကဏ္ဍများမှ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကိုယ်တိုင်ကာကွယ်ရေးဆိုင်ရာ နည်းစနစ်များ၊ အစီအမံများနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာဆက်လက်ပေးရမည်ဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖောင်သွန်းမီအောင်ပါ့ခ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ယနေ့ပြောကြားသည်။ ထို့အတူ လာအိုနိုင်ငံတွင် အားကစားပွဲတော်နှင့် ပြိုင်ပွဲအားလုံးကို ကျင်းပနိုင်တော့မည်ဖြစ်သော်လည်း ပွဲကြည့်ပရိသတ်များသည် ယင်းအားကစားပွဲများနှင့် ပြိုင်ပွဲများသို့ တက်ရောက်ခွင့်မရှိကြောင်း သိရသည်။

 

လာအိုနိုင်ငံအတွင်းရှိ ညဈေးများနှင့် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရယူထားသည့် စားသောက်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်သော်လည်း အရက်ဆိုင်နှင့် ဘီယာဆိုင်များကိုမူ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရုပ်ရှင်ရုံများကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အစိုးရက ချမှတ်ထားသည့် ခပ်ခွာခွာနေရေးအစီအမံများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

 

ဆောက်လုပ်ရေးစီမံကိန်းများ၊ စက်ရုံများနှင့် အလုပ်ရုံများကို လုပ်ငန်းပြန်လည် လည်ပတ်တော့မည်ဖြစ်ပြီး ရောဂါကာကွယ်ရေးအတွက် အစိုးရ၏လမ်းညွှန်ချက်များကို လိုက်နာရမည်ဖြစ်သည်။ ထို့အတူ ဒေသဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာ နယ်စပ်စစ်ဆေးရေးဂိတ်များကိုမူ ဆက်လက်ပိတ်ထားမည်ဖြစ်သည်။ ကုန်တင်ကားသမားများ သို့မဟုတ် ဝင်ထွက်ခွင့်ရှိသူများမှလွဲ၍ ပြည်သူများကို နိုင်ငံအတွင်း ဝင်/ထွက်ခြင်းမှ တားမြစ်ထားမည်ဖြစ်သည်။

 

လက်ရှိအချိန်အထိ လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉ ဦးရှိပြီး ၎င်းတို့အနက် ၁၆ ဦးသည် ရောဂါကင်းစင်ပြီး ဆေးရုံများမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။ လာအိုအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စတင်တွေ့ရှိခဲ့ချိန် မတ် ၂၄ ရက်မှစ၍ လူ ၆၄၃၂ ဦး၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ