ဖလမ်း ၃၀ ဧပြီ
ဖလမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဗန်တွန် ဦးဆောင်သော ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ဖလမ်းစေတနာ့ဝန်ထမ်းများသည် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဖလမ်းမြို့ရှိ စျေးဆိုင်များတွင် ဆိုင်ရှင်နှင့် စျေးဝယ်သူ အနီးကပ်ထိတွေ့မှုမရှိစေရေး ကြိုးတန်းပြုလုပ်ပေးခြင်း၊ ကြိုးတန်းများ ပြုလုပ်ရန်နှင့် ဆိုင်ရှင်များအား နှာခေါင်းစည်း(Mask) တပ်ဆင်ကြရန် အသိပေးနှိုးဆော်သည်။
စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက “ဆေးဆိုင်တွေ၊ စားကုန်၊ ကုန်မာရောင်းတဲ့ဆိုင်တွေ စားသောက်ဆိုင်တွေ အကုန်လုံးကို (၆)ပေအကွာမှာ ကြိုးတန်းလုပ်ခိုင်းတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားအောင် ရည်ရွယ်ပါတယ်။ စားသောက်ဆိုင်တွေဆိုရင် ပါဆယ် စနစ်ဖြင့်ရောင်းဖို့ စာထုတ်ထားပြီးပါပြီ။ အခုဟာက ကိုဗစ်-၁၉ Volunteer အဖွဲ့နှင့် ပူးပေါင်းပြီးတော့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ပြန်ကြီးကြပ်တာဖြစ်ပါတယ်။ နောက်ပိုင်းဆိုင်ရင် ထုတ်ပြန်ထားတဲ့ အမိန့်၊ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာရင် ဥပဒေအရ အရေးယူဖို့ အစီအစဉ်ပိုင်းလည်း ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ပြောသည်။
ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေး ဖလမ်းမြို့ စည်ပင်သာယာရေးစျေးအတွင်း စျေးသည်များနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)တပ်ကြရန် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက် လျက်ရှိသည်။ အလားတူ စည်ပင်သာယာရေးစျေးအတွင်း စျေးရောင်းချိန်အား နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီထိသာ ခွင့်ပြုပြီး စျေးသည်များကိုလည်း အလှည့်ကျစနစ်ဖြင့် စျေးရောင်းစေကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


