မန္တလေး၊ ၁၁ ဒီဇင်ဘာ
မန္တလေးမြို့ ကမ်းနားလမ်းရှိ သီရိမာလာဈေးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ ၅၀ ကျော်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်ခန့် ယာယီပိတ်သိမ်းရန် စီစဉ်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
သီရိမာလာဈေးသည် မန္တလေးမြို့နှင့် အထက်မြန်မာပြည်ရှိ မြို့များသို့ ငါး၊ ပုစွန် စသည့် ရေထွက်ကုန် ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် အဓိကလက်ကားဈေးတစ်ခုဖြစ်သည်။ အဆိုပါ ဈေးတွင် ပွဲရုံနှင့် ဈေးဆိုင်ခန်းပေါင်း ၄၇၀ ကျော်၊ ပျံကျဈေးသည် ၂၅၀ ဝန်းကျင်ခန့် ရှိပြီး ရေထွက်ကုန်အပြင် ကုန်စိမ်းနှင့် ပန်းများကို လက်လီ လက်ကားရောင်းချလျက်ရှိသည်။
ဈေးတွင် ပစ္စည်းသယ်ယူပို့ဆောင်သည့် ယာဉ်မောင်း ၊ ပွဲရုံအလုပ်သမားနှင့် ဆိုင်ရှင်အချို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုများလာပြီး ရောဂါပိုးတွေ့ရှိသူ ၅၀ ကျော်အထိ ရှိလာသည့်အတွက် ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ဈေးတစ်ပတ်ခန့် ယာယီပိတ်သိမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
အဆိုပါဈေးယာယီပိတ်သိမ်းရန်အတွက် ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် ဈေးသူ ဈေးသားများက မြို့တော်စည်ပင်ဈေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ယာယီပိတ်သိမ်းခွင့်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။ ဈေးပိတ်သိမ်းထားသည့်အချိန်တွင် ကုန်ဈေးနှုန်း မြင့်တက်မှုမရှိစေရန်အတွက် ကုန်စည်စီးဆင်းမူလွယ်ကူစေရန် သက်ဆိုင်ရာ ငါးဒိုင်ပိုင်ရှင် နှင့် နေအိမ်ခြံဝင်းမှတစ်ဆင့် ဖော့သေတ္တာဖြင့် လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးရန် ချိတ်ဆက် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
မန္တလေးခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမူများလာသည့်အတွက် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အတွင်း လိုက်နာရမည့် ညွှန်ကြားချက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန် ထားပြီး အဆိုပါညွှန်ကြားချက်အရ ဈေးများကို နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ် ရောင်းချလျက်ရှိသည်။
အောင်သူရ


