မန္တလေး၊ ဇူလိုင် ၄
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၄) ရက် နံနက် (၈) နာရီက ၆၂ လမ်း × ၆၃ လမ်းကြား၊ ၃၈ လမ်း × ၃၉ လမ်းကြားရှိ မနော်ရမ္မံဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းရေး Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဆွေလွင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မနော်ရမ္မံဈေးအတွင်းရှိ ဈေးရောင်းချသူများ၊ ဈေးဝယ်များ Mask များ မဖြစ်မနေ အခမမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက Mask မဖြစ်မနေ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာရေးတို့ကို အသိပညာပေး လိုက်လံပြောကြားခဲ့သည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့သည် ၃၈ လမ်း ၆၃ လမ်းထောင့်တွင် နေအိမ်ပြင်ပ ထွက်ခွာလာသည့် လမ်းသွားလမ်းလာများအား Mask များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
မဟာအောင်မြေမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၁.၇.၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၂၇၀/၂၀၂၁ ဖြင့် Stay at Home တစ်ကြော့ပြန်သတ်မှတ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း ရပ်ကွက်အလိုက် Stay at Home အမိန့်ပါ ညွှန်ကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။
ထွန်းထွန်းနိုင်


