ရမည်းသင်း အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားတွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက မကျီးကုန်းကျေးရွာအတွင်း လှည့်လည်အသိပေးနှိုးဆော်ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှ ရှောင်ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာကြရန်တို့ကို ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မကျီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)


