စင်ကာပူ  ၂၅  ဇူလိုင်

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ လျင်မြန်စွာ ရှာဖွေနိုင်သော ကိရိယာတစ်ခုကို  အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါရောဂါရှာဖွေရေးကိရိယာသည်     ရောဂါ ရှိ၊ မရှိ ၁၅ မိနစ်အတွင်း စစ်ဆေးပေးနိုင်သည်။ MP Biomedicals Asia Pacific Pte Ltd. ကုမ္ပဏီနှင့်    စင်ကာပူကုန်သွယ်ရေးနှင့်   စက်မှုဝန်ကြီးဌာန လက်အောက်ရှိ သိပ္ပံနည်းပညာနှင့် သုတေသနအေဂျင်စီတို့က    အဆိုပါရောဂါရှာဖွေရေးကိရိယာကို   ပူးပေါင်း စမ်းသပ်တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ 

ယင်းစမ်းသပ်ကိရိယာသည်  ယခင်က  ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိနှင့်   ရောဂါကာကွယ်နိုင်သော ပဋိပစ္စည်းများ ဖြစ်ပေါ်စေခြင်းရှိ၊ မရှိ ဆုံးဖြတ်ရာတွင် ကူညီပေးသည်။ ထို့ကြောင့် ရောဂါလက္ခဏာပြသခြင်း မရှိသူများနှင့် ရောဂါလက္ခဏာပျော့သူများအား ရောဂါရှိ၊ မရှိ စစ်ဆေးရာတွင်      အထောက်အကူဖြစ်စေသည်ဟု ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ  ရောဂါရှိ၊ မရှိ လျင်မြန်စွာစစ်ဆေးနိုင်သော ကိရိယာကို  စင်ကာပူအမျိုးသား တက္ကသိုလ်ဆေးရုံ၏ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲဌာနက   အကဲဖြတ်စမ်းသပ် စစ်ဆေးခဲ့ပြီး စင်ကာပူ ကျန်းမာရေးသိပ္ပံအာဏာပိုင်များ က နိုင်ငံအတွင်း၌ အသုံးပြုရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်