နေပြည်တော်  ၅  ဇွန်    

 

COVID-19 ရောဂါ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ASEAN Tourism Crisis Communication Team ၏ Video Conference အထူးအစည်းအဝေးကို ဇွန် ၄  ရက် နံနက်ပိုင်းက ကျင်းပသည်။ 

 

အစည်းအဝေးတွင် မလေးရှားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာဆီယံခရီးသွားလုပ်ငန်း စျေးကွက်ညှိနှိုင်းရေးမှူးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

အထူးအစည်းအဝေးကို ဧပြီ ၂၉  ရက်တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ၏ COVID-19 ဆိုင်ရာ Video Conference အထူးအစည်းအဝေးဆုံး၏ ဖြတ်ချက် များအရ နောက်ဆက်တွဲလုပ်ငန်း အကောင်အထည်ဖော် ဆောင်မှုတစ်ခုအဖြစ် တိုးတက်မှု များကို အစီရင်ခံ တင်ပြရန်၊ အာဆီယံခရီးသွားလုပ်ငန်း အရေးပေါ်အခြေအနေ ဆက်သွယ် ဆောင်ရွက်ရေး ဆိုင်ရာအဖွဲ့၏ လုပ်ငန်းလမ်းညွှန်ချက်များ (Terms of Reference)ကို ဆွေးနွေးအတည်ပြုရန်၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက်ရှိအခြေအနေများနှင့် လျော့ချရေး ဆိုင်ရာ အတွေ့အကြုံကောင်းများကို အပြန်အလှန် မျှဝေရန်နှင့် သတင်းအမှားများ ပြန့်ပွားမှုမရှိစေရေးအတွက် နိုင်ငံအလိုက် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို အာဆီယံဝက်ဘ်ဆိုက်တွင် လွှင့်တင်သွားရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းနှင့် တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဧပြီ ၂၉  ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ၏ ကိုဗစ်-၁၉ ဆိုင်ရာ Video Conference အထူးအစည်းအဝေးရလဒ်များနှင့် ခရီးသွားများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေ သူများအတွက် သတင်းအချက်အလက်များ မျှဝေရေး ယန္တရားတစ်ရပ် ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကျဉ်းချုပ်တင်ပြခြင်း၊ အာဆီယံ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး အေဂျင်စီမှ ကိုဗစ်-၁၉ ဆိုင်ရာသတင်းအချက်အလက်များကို မျှဝေရန် နှင့် စျေးကွက်မြှင့်တင် ရေးအတွက် Website Platform အဆင့်မြှင့်တင်ရေးကို အကျဉ်းချုပ် တင်ပြခြင်း၊ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် မလေးရှားနိုင်ငံမှ လက်ရှိအသုံးပြုနေသည့် Platform တွင် သတင်း အချက်အလက်များ မျှဝေရန် အကြံပြုတင်ပြခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက်ရှိအခြေအနေများ၊ လျော့ချရေးဆိုင်ရာ အတွေ့အကြုံကောင်းများနှင့် ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်ရေးအခြေအနေများကို အစီရင်ခံတင်ပြခြင်း၊ အာဆီယံ အရေးပေါ် အခြေအနေ ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ တာဝန်ထမ်းဆောင်ရေးများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

အာဆီယံ အရေးပေါ်အခြေအနေ ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့ (ASEAN Tourism Crisis Communication Team-ATCCT) ၏ လုပ်ငန်းလမ်းညွှန်ချက်များ (Terms of Reference) အရ အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၀/၂၀၂၁ ကို လက်ခံကျင်းပမည့် ကမ္ဘောဒီးယား နိုင်ငံသည် အာဆီယံအရေးပေါ် အခြေအနေ ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

 

(သတင်းစဉ်)