ရန်ကုန် ၂၂ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အသက်ရှူစက်ကိရိယာ (Ventilator) များ လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။

 

ယင်းလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ အသက်ရှူစက်ကိရိယာ (Ventilator) များတင်ဆောင်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုသရေး ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အသက်ရှူစက်ကိရိယာ (Ventilator) ၁၅ စုံ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့သို့ အသက်ရှူစက်ကိရိယာ (Ventilator) ၅ စုံတို့ကို ထောက်ပံ့လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က “ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးဆောင်ရွက်ရာမှာ အသုံးပြုနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ အသက်ရှူစက် အစုံ ၂၀ လှူဒါန်းတာပါ။ ကိုဗစ်-၁၉ ရောဂါ ကုသရေးအပိုင်းမှာ အရေးကြီးတဲ့ စက်ပစ္စည်းဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် လှူဒါန်းရခြင်းဖြစ်ပါတယ်။ ဆက်လက်လှူဒါန်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးအပိုင်းကို တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အခုလိုဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

ယနေ့လှူဒါန်းသည့် အသက်ရှူစက်ကိရိယာ (Ventilator) အစုံ ၂၀ ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးသိန်းခန့်ရှိပြီး ဆက်လက်လှူဒါန်းမည့် အသက်ရှူစက်ကိရိယာ (Ventilator) ၁၅ စုံမှာလည်း မကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးထံမှ သိရသည်။

 

အလားတူ ဧပြီ ၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့အား စေလွှတ်ပေးမှုနှင့်အတူ ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများကိုလည်း ကူညီပေးခဲ့သည်။

 

ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် တာဝန်ပြီးဆုံးသွားပြီဖြစ်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းမှု ပစ္စည်းများတင်ဆောင်လာသော အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။

 

ထိုသို့မထွက်ခွာမီ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Video Call ဖြင့် ကျေးဇူးတင်နှုတ်ဆက်စကား ပြောကြားခဲ့သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ- လှမိုး