လွိုင်ကော် ၂၀ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများတွင် အားဖြည့်ကူညီရန် ကယားပြည်နယ်မှ ဖရူဆိုမြိုနယ်သူနာပြုဆရာမကြီး ဒေါ်ကေသီထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်း Volunteer (၂၂)ဦး ယနေ့နံနက် ၅ နာရီက ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ တစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
"ဒီတစ်ခေါက်သူနာပြုတွေ ရန်ကုန်တိုင်းကို စေလွှတ်တာက ပဉ္စမအကြိမ်မြောက် ဖြစ်ပါတယ်။ ကယားပြည်နယ်က အဓိက သွားရတဲ့နေရာက ဧရာစင်တင်နဲ့ ဒဂုံဆိပ်ကမ်းစင်တာဖြစ်ပါတယ်။ အခု ဧရာစင်တာမှာ (၂၀)ရှိပါတယ်။ ဒဂုံဆိပ်ကမ်းစင်တာမှာလည်း (၂၀)ရှိနေပါတယ်။ အခုဒဂုံဆိပ်ကမ်းစင်တာ တတိယ အသုတ်သွားတဲ့ အရောက်(၂၀)က ဒီနေ့ပြန်လာမှာဖြစ်ပါတယ်။ သူတို့နေရာကို နောက်ထပ်ထပ်ပြီးတော့ အစား လူ(၂၀)လွှတ်ရတာ ဖြစ်ပါတယ်။ သူနာပြု အဲ့ဒီနေရာမှာ ၂၀ ရယ် ဒီနေ့လွှတ်လိုက်တာ စုစုပေါင်း သူနာပြုအယောက် (၂၂)ယောက်ပါ။ နောက်(၂)ယောက်ကတော့ ဧရာစင်တာမှာရှိတဲ့ ကျောက်ကပ် သွေးသန့်စင်တဲ့နေရာ အဲ့ဒီနေရာကို ကျောက်ကပ်သွေးသန့်စင်ခြင်း အထူးသင်တန်းတက်ထားတဲ့ သူနာပြုဆရာမ (၂)ဦး စုစုပေါင်း (၂၂)ဦးပါ။" ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။
ရန်ကုန်တိုင်းသည် ခုထက်ထိ ကိုဗစ်-၁၉ ရောဂါ အများဆုံးလက်ရှိဖြစ်ပွားလျက်ရှိနေပြီး ယင်းလူနာတွေအတွက် ကုသရေးစင်တာများသို့ တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ် လွှတ်နေရခြင်း ဖြစ်သည်။ ကယားပြည်နယ် အနေနှင့် ကျန်းမာရေးဝန်ထမ်း Volunteer များကို စုစုပေါင်း (၅)သုတ် လွှတ်ထားပြီးဖြစ်သည်။ အားလုံး (၅၀)လောက်လွှတ်ထားပြီး ကျန်းမာရေးဝန်ထမ်း Volunteer များအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ငွေကြေးထောက်ပံ့မှုးများလည်းရှိကြောင်းသိရသည်။
ကိုစိုင်း (လွိုင်ကော်)


