သထုံ  ၁၄  ဧပြီ  

 

မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးနှင့် သုဝဏ္ဏဈေးတို့၌ ဧပြီလ ၁၄ ရက်နေ့မှစတင်ကာ ဈေးဝယ်သူများ ဈေးအတွင်းသို့ Mask များတပ်ဆင်ပြီးမှ ဝင်ရောက်ခွင့်ပြုခြင်း၊ ရောင်းချသူများ Mask နှင့် လက်အိတ်များဝတ်ဆင်ပြီးမှသာ ရောင်းချခွင့်ပြုခြင်းအပါအဝင် စနစ်တကျဝယ်ယူရောင်းချရေး တားမြစ်ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

 

ဈေးများ၌ လူစုလူဝေးဖြစ်ပွားခြင်းကို လျော့ချနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဈေးမှစတင်ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ကန့်သတ်ကြပ်မတ်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောသည်။

 

"ကူးစက်ရောဂါက တစ်နေ့ထက်တစ်နေ့ ပွားပွားလာတယ်။ ဈေးဆိုတာက လူအများဝင်ထွက်သွားလာနေတဲ့နေရာ ဈေးကိုပိတ်ဖို့ကလည်းခက်တယ်။ ဒါကြောင့် ခုလိုကန့်သတ်မှုတွေ လုပ်တယ်။ ဒါကိုမှ လိုက်နာမှုအားနည်းရင်တော့ ဈေးကို ပိတ်ဖို့အထိလုပ်ရမှာပေါ့။ ခုလည်းစည်းကမ်းမလိုက်နာကြတာတွေ တွေ့နေရတယ် ဈေးအတွင်းမှာ ကန့်သတ်တော့ ဈေးအပြင်ထွက်ရောင်းကြတယ်။ ခုချိန်ထိ မကြောက်တတ်ကြဘူး မလိုက်နာတဲ့သူတွေကိုတော့ ပြောလို့ဆိုလို့မရရင် ကူးစက်ရောဂါကာကွယ်ရေး ဥပဒေနဲ့ အရေးယူမယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

 

သထုံမြို့ရှိ မြို့မဈေးနှင့် သုဝဏ္ဏဈေးများ၌ ဝင်ပေါက်ထွက်ပေါက် ၃ ပေါက်စီသာ ကန့်သတ်ခွင့်ပြုခြင်း၊ နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဈေးအသုံးပြုချိန် ခွင့်ပြုခြင်း၊ ဈေးဝယ်သူများ Mask တပ်ဆင်ရန်နှင့် ရောင်းချသူများ Mask နှင့် လက်အိတ်များ အသုံးပြုမှာသာ ရောင်းချခွင့်ပြုခြင်းနှင့် ဈေးအတွင်း ၃ ပေစီအကွာမှ ဝယ်ယူရောင်းချခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီလ ၁၃ ရက်နေ့က သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံရုံးခန်း၌ပြုလုပ်သည့်  ဈေးအတွင်း လူစုလူဝေးလျော့ချရေး အစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးသာယာရေးကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေး အဖွဲ့များက ဈေးလာသူများအနက် Mask မပါရှိသူများကို Mask များ အခမဲ့တပ်ဆင် ပညာပေးပြသခြင်းနှင့် ဈေးအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ စနစ်တကျ ရောင်းချမှုရှိရေး အတွက် လိုက်လံစစ်ဆေး ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ကန့်သတ်ကြပ်မတ်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်သည့်ကာလအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ အခြားဈေးများကိုပါ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)

 

mdn