မန္တလေး ၁၁ အောက်တိုဘာ
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် သံသယရှိ စောင့်ကြည့်လူနာများ ထားရှိရန်နှင့် ပိုးတွေ့လူနာများ ထိရောက်စွာ လက်ခံကုသပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ကုသရေးနှင့်ကုသရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ပိုးတွေ့လူနာများအား ကန်တော်နဒီဆေးရုံ၊ ကုတင်(၃၀၀)ဆံ့သင်ကြားရေး ဆေးရုံ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာ ပြည်) ကိုဗစ်-၁၉ ကုသရေးစင်တာတို့တွင် လက်ခံကုသပေးလျက်ရှိသည်။
အောင်မြေသာစံမြို့နယ်တွင် ပိုးတွေ့လူနာတွေ့ရှိမှု များပြားလာသဖြင့် အိုးဘိုရပ်ရှိတိုင်းရင်းဆေးရုံ (မန္တလေး)တွင် ကုတင် ၁၀၀ ဆံ့ ကိုဗစ်-၁၉ လူနာလက်ခံကုသရေး စင်တာအဖြစ် ဖွင့်လှစ်နိုင်ရန် အောက်တိုဘာ ၁၀ ရက်က မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည့်သူ့ကျန်းမာရေး ဦးစီးမှူးဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြသည်။
တိုင်းရင်းဆေးရုံ(မန္တလေး) ကို ကုတင် ၁၀၀ Covid-19 Level-1 ကုသရေးစင်တာအဖြစ် ဆောင်ရွက်မည်ဖြစ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးဆရာများ (ဝန်ထမ်း+ဝန်ထမ်း မဟုတ်သူ) များအားအချိန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် ဖိတ်ခေါ်ထားပြီး ဒေါ်မော်မော်ခင် (အကြီးတန်းတိုင်းရင်းဆေးမှူး) Viber ဖုန်း-09971280355 နှင့် ဦးညီညီစိုး (ဒုတိယတိုင်းရင်းဆေးမှူး) Viber ဖုန်း 09428335976 သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


