မန္တလေး ၁၇ စက်တင်ဘာ
မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် သံသယရှိ စောင့်ကြည့်လူနာများ ထားရှိရန်နှင့် ပိုးတွေ့ လူနာများ ထိရောက်စွာ လက်ခံကုသပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ပိုးတွေ့လူနာများအား မန္တလေးကန်တော်နဒီဆေးရုံ၊ ခုတင်(၃၀ဝ)ဆံ့ သင်ကြားရေး ဆေးရုံတို့တွင် လက်ခံကုသပေးလျက်ရှိသည်။
အောင်မြေသာစံမြို့နယ်တွင် ပိုးတွေ့လူနာတွေ့ရှိမှု များပြားလာသဖြင့် အိုးဘိုရပ်ရှိ တိုင်းရင်းဆေးရုံ (မန္တလေး)တွင် ခုတင် ၁၀ဝ ဆံ့ ကိုဗစ် ၁၉ လူနာ လက်ခံကုသရေးစင်တာအဖြစ် ဖွင့်လှစ်နိုင်ရန် အသင့်ပြင်ဆင် ဆောင်ရွက်ထားမှုများအား အောက်တိုဘာ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံပြင်ဆင်ထားမှုများကို လှည့်လည်ကြည့်ရှု့ပြီး လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးမည့် အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား တာဝန်ရှိသူများအား မှာကြားခဲ့သည်။ အောင်မြင်သူ ကုမ္ပဏီအုပ်စုက လိုအပ်သည်များ တာဝန်ယူ လုပ်ကိုင်လှူဒါန်းပေးလျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)


