ဟားခါး  ၇  မေ

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ဟားခါးမြို့သို့ ဝင်ရောက်လာသူများအားလုံးကို ဟားခါး-ဂန့်ဂေါလမ်းရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ဟားခါး-ဖလမ်း လမ်းပေါ်ရှိ ဟားခါးထာရ် စစ်ဆေးရေးဂိတ်နှင့် ဟားခါး-ထန်တလန် လမ်းပေါ်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်(၃) နေရာတွင် အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် ရဲတပ်ဖွဲ့၊မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဟားခါး-ဂန့်ဂေါလမ်း တန်ပိုစစ်ဆေးရေးဂိတ်အနီး လုံခြုံရေးဂိတ်မှနေ၍ ဝင်ရောက်လာသူများအားလုံးကို စစ်ဆေးလျက်ရှိသည်။

 

“ဟားခါးမြို့အတွင်းကို မော်တော်ဆိုင်ကယ်၊ မော်တော်ကားတွေနဲ့ ဝင်လာတဲ့သူအားလုံးကို အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေယူပြီး ကျန်းမာရေးဌာနက တာဝန်ကျဝန်ထမ်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနဲ့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပါတယ်။ နိုင်ငံရပ်ခြားက ပြန်လည်ဝင်ရောက်လာတဲ့ သူတွေကိုတော့ စနစ်တကျစစ်ဆေးလက်ခံပြီး Facility Quarantine မှာ ထားနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးဝင်းလှိုင်က ပြောသည်။

 

ချင်းပြည်နယ် ဟားခါးမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆောက်လုပ်ရေးကုမ္ပဏီများက ပြည်နယ်ပြင်ပမှ အလုပ်သမား များဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ ဟားခါးမြို့သို့ ဝင်ရောက်လာသူများကို မြို့အဝင်ဂိတ် များတွင် စနစ်တကျ စစ်ဆေးလျက်ရှိပြီး ဆောက်လုပ်ရေးကုမ္ပဏီများ အနေဖြင့်လည်း မိမိအလုပ်သမား များအား စနစ်တကျထားရှိနိုင်ရေး ချင်းပြည်နယ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လမ်းညွှန်မှာကြားထားရှိကြောင်း သိရသည်။

 

အောင်ခွီရှိန်း(ပြန်/ဆက်)