မန္တလေး၊   ၁၃ ဇန်နဝါရီ

 

မန္တလေးမြို့တွင် COVID-19 ရောဂါ ပိုးတွေ့လူနာနှင့် ထိစပ်သူအရေအတွက် လျော့ကျလာသည့်အတွက် ကွာရန်တင်း စင်တာအချို့ စတင် ပိတ်သိမ်းနေပြီ ဖြစ်ကြောင်း ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အထက ၃၀ Quarantine Center၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အလက-၂၂ Quarantine Center၊ မဟာအောင်မြေ မြို့နယ် စိန်ပန်းရပ်ကွက် (၄၁)လမ်းပေါ်ရှိ အထက(၂၄) ကွာရန်တင်း စင်တာ၊  ချမ်းအေးသာစံမြို့နယ် TTC (မန္တလေး ပညာရေး ကောလိပ်) ကွာရန်တင်းစင်တာရှိ ခုတင် (၁၅၀)ဆံ့ အမျိုးသမီးအဆောင် ကွာရန်တင်းစင်တာတို့ကို ယာယီပိတ်သိမ်းထားသည်။

 

ကျွန်တော်တို့ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ယူဆောင်ရွက်နေတဲ့ Quarantine Center တွေက အထက-၃၀ Quarantine Center (ချမ်းမြသာစည်) အလက-၂၂ Quarantine Center (ပြည်ကြီးတံခွန်)တို့ကို ပိတ်သိမ်းမှာဖြစ်တဲ့အတွက် အခန်းတွင်း သန့်ရှင်းရေးနဲ့ အသုံးပြုထားတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုန်း၊ အိပ်ခင်းတွေ လျှော်ဖွတ်ပြီး ပြန်လည်းသိမ်းဆည်းဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်ဟု ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့ မှ ကိုဝေဖြိုးဟန်က ပြောပြသည်။

 

မန္တလေးခရိုင်အတွင်း ဇန်နဝါရီ ၉ ရက်တွင် Facility ကွာရန်တင်းဝင်နေသူ (၉၂၂)ဦးနှင့် ဟိုတယ်ကွာရန်တင်း ဝင်နေသူ (၄၀၆)ဦးသာ ရှိတော့ကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

 

မေသက်ထား