ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အာဘေးနှင့် ထရန့်တို့ သဘောတူညီ

၈ မေ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန်အတွက် ဆေးဝါးများနှင့် ကာကွယ်ဆေးများကို အတူပူးပေါင်း ထုတ်လုပ်ကြရန် ယနေ့ သဘောတူညီလိုက်ကြောင်း ဂျပန်နိုင်ငံ၏ အစိုးရထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ 

 

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်  အာဘေးနှင့် ထရန့်တို့သည် ဖုန်းဖြင့် ၄၅ မိနစ်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှိအီဒါ ဆူဂါက ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံခေါင်းဆောင်များသည်  နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကိုဗစ်-၁၉ ကူးစက်ခံရမှု အခြေအနေနှင့်  ဗိုင်းရပ်စ်ထပ်မံပြန့်ပွားမှုကိုတားဆီးရန် လုပ်ဆောင်ရမည့် အချက်များနှင့် ဆေးဝါးနှင့်ကာကွယ်ဆေးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးပြန်လည်ဖွင့်လှစ်ရေး အစီအမံများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆူဂါက ပုံမှန်လုပ်နေကျဖြစ်သည့်  ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရှင်ဇိုအာဘေးနှင့် ထရန့်တို့သည် ခက်ခဲသောကာလကို အတူပူးပေါင်း ဆောင်ရွက်ကြမည်ဟု သဘောတူညီခဲ့ကြသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်