၃၀ စက်တင်ဘာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တားဆီးရေးဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးရန် အာဏာရပါတီကျင်းပသော အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့သည်။
ကင်သည် ထိုပါတီ၏ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ယနေ့ထုတ် အာဏာရအလုပ်သမားပါတီသတင်းစာ ရိုဒေါင် ဆင်းမူတွင် ဖော်ပြခဲ့သည်။
ထိုအစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှိမ်နင်းရေးဆိုင်ရာ လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
မြောက်ကိုရီးယားနိုင်ငံသည် အလုပ်သမားပါတီ တည်ထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သော အောက်တိုဘာ ၁၀ ရက်နေ့မတိုင်မီ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တိုက်ဖျက်ရေးစီမံချက်များ တိုးမြှင့်လုပ်ဆောင်သွားဖွယ်ရှိသည်။
နိုင်ငံအတွင်း တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းများကဲ့သို့ မကြုံစဖူးဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါဖြစ်ပွားသော ကာလဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ယင်းနှစ်ပတ်လည်နေ့ကို ကျင်းပမည်ဖြစ်ကြောင်း ထိုသတင်းစာတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားခြင်း မရှိဟု မြောက်ကိုရီးယားက အခိုင်အမာဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကင်ဆန်က နိုင်ငံအတွင်း ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ ချမှတ်ထားသည်ဟု နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယမန်နေ့က ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို