ပဲခူး ဇူလိုင် ၁၇    

 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၆ ရက် မွန်းလွဲ(၂)နာရီက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၁/၂၀၂၁)အား Online Zoom Meeting System ဖြင့်   ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရုံးပိတ်ရက် (၉) ရက်သည် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် အခွင့်အခါကောင်းဖြစ်၍ ထပ်မံကူးစက် ပြန့်နှံ့မှုမရှိစေရေး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များပေါ် ပြည်သူများ လိုက်နာမှု အားနည်းနေသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့ဝင်/ထွက်ဂိတ်များ၊ မြို့တွင်းလှည့်လည် စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိပါက တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ရုံ ကြို/ပို့ကားများ၊ လက်ခစား (CMP) စက်ရုံများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် စက္ကန့်ပိုင်းအတွင်း ကူးစက်ပြန့်ပွားနိုင်သဖြင့် Mask တပ်ဆင်ခြင်းအပြင် Face Shield ပါတပ်ဆင်ရမည်ကို ရပ်ကွက်/ကျေးရွာများအထိ အသိပညာပေးရန် လိုအပ်ကြောင်း၊ အခြေခံ လက်လုပ်လက်စားများ၊ ဈေးသည်များအတွက် အဝတ် Mask များ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရုံးပိတ်ရက် (၉) ရက်ဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် နားရက်မရှိသဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိ/ မြို့ဖများမှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် Oxygen Plant များ ဦးစားပေး အစီအစဉ်အတိုင်း တည်ဆောက်ပေးမည်ဖြစ်ရာ မီးဘေးအန္တရာယ်နှင့် လုံခြုံရေးအတွက်ပါ အဆင်ပြေနိုင်မည့် နေရာအား ရွေးချယ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ဖြစ်ပွားမှု အခြေအနေနှင့် ထိန်းချုပ် ဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်း လုပ်ငန်းစဉ်များနှင့်  သီးခြားလိုအပ်ချက်များကို လည်းကောင်း၊ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဆေးရုံအတွင်း ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် တပ်ဆင်နေသည့် Oxygen Plant မှ ကိုဗစ်-၁၉ ရောဂါ လူနာများအသုံးပြုရန် စီစဉ်သွယ်တန်းထားသည့် အောက်စီဂျင် ပိုက်လိုင်းအတွင်းသို့ ယခုညမှစ၍ Oxygen ထည့်သွင်းပေးနိုင်ရေး ဆောင်ရွက်မည့် အခြေအနေကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မိမိတို့လက်အောက်ရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ ယခုထက်ပိုမို အားထည့်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ၊ မြို့နယ်ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)