မန္တလေး ၃၀ ဇွန်
မန္တလေးတိုင်ဒေသကြီး မတ္တရာမြို့နယ် တောင်ပြုံးကြီးရွာတွင် နှစ်စဉ်ကျင်းပသည့် တောင််ပြုံးပွဲတော်မှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေအပေါ်၌ မူတည်သဖြင့် ယခုနှစ်တွင် ကျင်းပရန် မသေချာသေးကြောင်း တောင်ပြုန်းဂေါပက ဥက္ကဌ ဦးကျော်ကျော် ထံမှသိရသည်။
"မြို့နယ်သံဃာနာယက ဥက္ကဌဆရာတော်က လက်ရှိအခြေအနေထိ တောင််ပြုံးပွဲ ဒီနှစ်မဖြစ် နိုင်ဘူးလို့ မိန့်ထားတယ်။ ဒါကလည်း ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ အခြေအနေကြောင့် ဆိုတော့ ပွဲဖြစ်ဖို့က မသေချာပါဘူး။ ပုံမှန်ဆိုရင် ဒီအချိန်မှာ ပွဲတော်အတွက် ပြင်ဆင်တာ ဆိုင်ခန်းတင်ဒါတွေ လုပ်နေပြီ"ဟု၎င်း ကပြောသည်။
တောင်ပြုံးပွဲတော်ရက်မှာ နှစ်စဉ် ဝါခေါင်လဆန်း ၅ ရက်မှ ၁၅ ရက်အထိ ဖြစ်သော်လည်း ပွဲရက်မတိုင်မီ ရက်များ၌ စျေးဆိုင်ခန်းများနှင့် စားသောက်ဆိုင်များ ခင်းကျင်းရောင်းချနေပြီး၊ တစ်နိုင်ငံလုံးမှ လာရောက်သူများဖြင့် စည်ကားသည့်ပွဲတော်ဖြစ်သည်။
"ကိုဗစ်-၁၉ ကြောင့် တောင်ပြုန်းပွဲကျင်းပဖို့ မသေချာသေးပေးမယ့် တောင်ပြုံးပွဲရက် မရောက်ခင် ကိုဗစ်-၁၉ ပြီးသွားရင်တော့ ကျင်းပဖို့ အစီစဉ်ရှိပါတယ် လက်ရှိအချိန်တော့ တောင်ပြုံးပွဲကျင်းပဖို့ ဘာမှ ဆောင်ရွက်ထားတာမရှိဘူး" ဟု ၎င်းကပြောသည်။
၂၀၁၇ ခုနှစ်တွင် H1N1 ဖြစ်ပွားမှုကြောင့် ပွဲတော်ကျင်းပခွင့် ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အတွင်းကလည်း H1N1 ရာသီတုတ်ကွေးရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ယခင်နှစ်များထက် နှစ်ဆပိုဆောင်ရွက်ပြီး ပွဲတော်ကျင်းပခဲ့ရကြောင်း သိရသည်။
မေသက်ထား


