နေပြည်တော်၊ ၂၅ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ဇန်နဝါရီ ၂၆ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရှင်များဖြစ်ကြသည့် ဒုတိယညွှန်ကြားရေး မှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာ သီတာလှနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင် တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


