ရန်ကုန် နိုဝင်ဘာ   ၁

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် Myanmar International-Channel (MITV) ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး က MITV ကို မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များ နိုင်ငံတကာ သိရှိနိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် ၂၀၀၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့် ပထမဦးဆုံး ထုတ်လွှင့်ခဲ့ပါကြောင်း၊ MITV ၏ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပိုမိုထိရောက်မှု ရှိစေရန်အတွက် ၂၀၁၀ ပြည့်နှစ်တွင် ရွှေသံလွင် မီဒီယာကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု ၁၀ နှစ်ခန့် ကြာမြင့်လာမှုနှင့်အတူ ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာ တိုးတက်မှုများတွေ့ရှိရသည့်အတွက် တာဝန်ရှိသူ အားလုံးကို အသိအမှတ် ပြုပါကြောင်း၊ ယနေ့အချိန်အခါတွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း တု၊ သတင်းမှားများ ပျံ့နှံ့လျက်ရှိရာ ယင်းသတင်းမှားများကို အခြေခံပြီး နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ဖိအားပေးရန် ရည်ရွယ်ချက်ရှိစွာ ဆောင်ရွက်နေမှုများကြောင့် MITV ၏ ရည်ရွယ်ချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေးတွက် ပိုမိုအားထုတ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ထို့ကြောင့် MITV ၏ ကဏ္ဍသည် နိုင်ငံအတွက် လွန်စွာအရေးပါသဖြင့် ရေတို၊ ရေရှည် အစီအမံများ ချမှတ်၍ လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန်န့်ဖြင့် ပိုမိုထိရောက်မှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း  မှာကြားသည်။

 

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ၊ ညွှန်ကြားရေးမှူး (MI) ဒေါ်လိန်းမောင်းပန်၊ ရွှေသံလွင်မီဒီယာကုမ္ပဏီမှ MD ဦးမင်းမင်းနှင့် DMD ဦးတင်ဆန်းတို့က MI Channel ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြကြရာ   ပြည်ထောင်စုဝန်ကြီးက   လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ  အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်အတူ   ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံသို့ သွားရောက်၍ Red Carpet Theatre အဖြစ် အဆင့်မြှင့်တင်နိုင်ရေးနှင့် ရုပ်ရှင်ကဏ္ဍဆိုင်ရာ နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝဇီရာရုပ်ရှင်ရုံသည် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်သဖြင့်  ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပြုပြင်မွမ်းမံစေလိုကြောင်း၊ ရုပ်ရှင်ကဏ္ဍဆိုင်ရာ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ရုပ်ရှင်ပွဲတော်များ၊ ဂီတဖျော်ဖြေပွဲများ၊ အငြိမ့်၊ သဘင်ပြဇာတ်များ၊ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲ၊ သင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရာနေရာ တစ်ခုဖြစ်စေလိုပြီး ရှေးဟောင်းအငွေ့အသက်များနှင့် ခေတ်မီရုပ်ရှင်နည်းပညာများ ပေါင်းစပ်ရာ အနုပညာရပ်ဝန်းတစ်ခု ဖြစ်စေလိုကြောင်း မှာကြားပြီး    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ  အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးကြသည်။

 

ဝဇီရာရုပ်ရှင်ရုံကို ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ရာ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီ ဖြစ်သည့်အပြင် ယခင်က ရုပ်ရှင်ကားများအပြင် ပြဇာတ်များ၊ အော်ပရာများ တင်ဆက်ပြသခဲ့သည်။ ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ရုံအဖြစ်သာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲနှင့်  အစည်းအဝေးများ ကျင်းပနိုင်ပြီး သင်တန်းကျောင်း၊ စတူဒီယိုအဖြစ်ပါ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည့်အပြင် နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ပွဲတော်များ ကျင်းပရန်၊ ပြည်ပခရီးသွားဧည့်သည်များ ရှေးဟောင်းအမွေအနှစ် ပြတိုက်အဖြစ် လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန်နှင့် စနေ၊ တနင်္ဂနွေနေ့ များတွင် ရှေးဟောင်းဇာတ်ကားများ၊ ရုပ်သေးပွဲများ၊ ရုပ်ရှင်နှင့်ပတ်သက်သည့် ပြခန်းများ ပြုလုပ်ပြသခြင်းများကို ဆောင်ရွက်ရန်လျာထားကြောင်းသိရသည်။

 

ယင်းနောက်  သမ္မတရုပ်ရှင်ရုံ၌   ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ  သရုပ်ပြ - ပြသခြင်းကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ  သရုပ်ပြ ပြသခြင်းအစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး၊  တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့်အဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်  ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ  အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများ တက်ရောက် ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုင်ခုံနေရာချထားမှုစနစ်၊ အနီအောက်ရောင်ခြည်သုံး ကိုယ်အပူချိန် တိုင်းကိရိယာ (Infrared Thermal Scanner) အသုံးပြု၍ ပရိသတ်အား တိုင်းတာစစ်ဆေးမှုစနစ်၊ လက်မှတ်ရောင်းချမှုစနစ်၊ ပြသမှုစနစ်နှင့် တစ်ကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်းများ ဝန်ဆောင်မှုပေးသည့် အခြေအနေများ၊ ရုပ်ရှင်ရုံအတွင်း လေများ သန့်စင်စေရေး အတွက် လေအေးပေးစက်နှင့် လေမှုတ်စက်များဖြင့် လေသွင်း / လေထုတ် ဆောင်ရွက်မည့် အခြေအနေများ၊ ရုပ်ရှင်ဇာတ်ကားများ ပြသနိုင်ရေးအတွက် ပွဲစဉ်များ သတ်မှတ်ရေးကိစ္စ များကို ကြည့်ရှုစစ်ဆေးပြီး ရောဂါကူးစက်မှု မခံရစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် Standard Opearting Procedure (SOP) တစ်ရပ် ရေးဆွဲနိုင်ရေး ဆွေးနွေးမှာကြားသည်။

 

မြန်မာနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံပေါင်း  ၁၉၆ ရုံ ( ပိတ်ကားပေါင်း  ၂၂၁  ခု) အား ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့ပြီး  ၂၀၂၀ ပြည့်နှစ် မတ် ၁၆  ရက်နေ့မှစ၍ ပြသမှုများ ရပ်ဆိုင်းထားခဲ့ရကာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ အခြေအနေ လျော့နည်းလာမှုကြောင့်လည်းကောင်း၊ ရုပ်ရှင်အနုပညာရှင်များ  အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်စေရန်အတွက်လည်းကောင်း၊   ပြည်သူတို့၏ စိတ်အာဟာရအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် လည်းကောင်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြန်လည် ဖွင့်လှစ်ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်