နေပြည်တော် နိုဝင်ဘာ ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ မြဝတီနှင့်ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁)စီးဖြင့် တန်(၂၀)၊ အောက်ဆီဂျင်အိုးခွံ (၁၄၆၈) ခု၊ အောက်ဆီဂျင် (Plant) (၃) ခုနှင့် နှာခေါင်းစည်း(Mask) (သုည ဒသမ ၂၈) တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် (Plant) (၃)ခုမှာ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)


