ရိခေါ်ဒါရ် ၁၅ ဧပြီ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ် (၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ်အဖွဲ့ဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ဒေသဆိုင်ရာ ဌာန ဆိုင်ရာများ၏ နှိုးဆော်ချက်များနှင့် ကျန်းမာရေးဌာန၏ အကြံပြုချက်များအတိုင်း အသိပညာပေးခြင်း၊ စောင့်ကြပ် စစ်ဆေးမှုများ နေ့စဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ (ကိုဗစ်၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏နှိုးဆော်ချက်အတိုင်း ရပ်ကွက်ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်အပြင်သို့ ထွက်ခွာသွားလာ လှုပ်ရှားခြင်းမပြုဘဲ မိမိတို့နေအိမ်ထဲ၌သာ နေသွားကြသည်မှ တစ်လနီးပါး ရှိလာပြီဖြစ်ပြီး ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသအတွင်း စားသောက်ကုန်ဆိုင်များ ပူးပေါင်းပြီး ဆန်နှင့် အခြားစားသောက်ကုန် ပစ္စည်းများ စုဆောင်းသိုလှောင်ခြင်းနှင့် ပြည်သူများ ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ ရပ်ကွက်ပြည်သူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အသား၊ ငါးများ ဝယ်ယူရာတွင် အမှတ်(၂) ရပ်ကွက်ရှိ ပျံကျဈေးတစ်ခုကိုသာ အားကိုးအားထားဝယ်ယူခြင်းဖြစ်ရာ ပြည်သူများ စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေးအတွက် ၎င်းပျံကျဈေးကို တစ်ပတ်လျှင် သုံးရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့များတွင် ဖွင့်လှစ်ရောင်းချပေးသွားရန် စီစဉ်သတ်မှတ်ထားရှိကြောင်း၊ ၎င်းသတ်မှတ်ရက်အတွင်း ဈေးဝယ်လာသူ ပြည်သူများအနေဖြင့် လူအများဈေးဝယ်သွားခြင်း မပြုပဲ တစ်အိမ်ထောင်စုလျှင် မိသားစုဝင် တစ်ဦးတည်းကသာ ဝယ်ယူရန်နှင့် ကလေးသူငယ်များ ခေါ်လာခြင်းမပြုရန်၊ ဈေးဝယ် လာသူများမှ နှာခေါင်းစည်း (Surgery Mask)မဖြစ်မနေ တပ်ဆင်လာကြရန် ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသိပေးပန်ကြားထားကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့၌ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်အရောင်းဆိုင်များသာ ဖွင့်လှစ်ထားရှိပြီး ရပ်ကွက်အတွင်း ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေ ရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများနှင့် ဒေသအတွင်း အခြားလိုအပ်ချက်များ၊ အားနည်းချက်များ သိရှိပြီး လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေး မြို့အဆင့်ကော်မတီအဖွဲ့မှ နေ့စဉ်လှည့်လည် စောင့်ကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)