ကော့သောင်း၊ ၂၆ ဇန်နဝါရီ
ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံရေး ကော့သောင်းမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့် အထက်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ ခန်းမတွင် ပြုလုပ်သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက နိုင်ငံတော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား တနင်္သာရီတိုင်းဒေသကြီးအတွင်း ကော့သောင်းမြို့နယ်အား ပထမအသုတ်အနေနှင့် ထိုးနှံပေးမည်ဖြစ်ရာ မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများအတွင်း အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းအားကောက်ယူရာတွင် ရပ်/ကျေးစာရေးဝန်ထမ်းများ နှင့်ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များအတွင်း ကျန်ရစ်မှုမဖြစ်စေရန် ဂရုပြုကောက်ယူနိုင်ရေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြရေး တိုက်တွန်းပြောကြားပြီး စာရင်းကောက်ယူမှုလုပ်ငန်းများတွင် တွေ့ကြုံရမည့် အခြေအနေများအားရပ်/ကျေးတာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇)အုပ်စု၊လူဦးရေ(၁၂၈၄၄၂)ဦး နှင့် အသက်(၁၈)နှစ်အထက်လူဦးရေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၏ စာရင်းအရ (၉၁၂၃၁)ဦး ရှိပြီး အိန္ဒိယနိုင်ငံမှပေးပို့လှူဒါန်းသည့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးအား နိုင်ငံတော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းစတင် ထိုးနှံပေးမည်ဖြစ်ရာဇန်နဝါရီ ၂၅ ရက်နေ့က လေကြောင်းဖြင့်ကာကွယ်ဆေးများ ကော့သောင်းမြို့သို့စတင်ရောက်ရှိနေပြီးဖြစ်ကြောင်း၊ ထိုးနှံပေးမည့်ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများ ပို့ချလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ထမ်းပေါင်း (၂၄၇၀)ကျော်ကို သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဆေးရုံများတွင် ဇန်နဝါရီလ (၂၇)ရက်နေ့မှတင်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ဆက်လက်၍ တိုင်းအတွင်းမြို့နယ်အသီးသီး၏ ရပ်ကွက်နှင့်ကျေးရွာအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ကျော်စိုး (ကော့သောင်း)


