ရန်ကုန် ၁၄ အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်ဥက္ကလာပဆေးရုံကြီးသို့ အောက်တိုဘာ ၁၄ ရက်က အလှူငွေနှင့် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။

ဧရာဝတီဖောင်ဒေးရှင်းမှ မအိမ့်မှူးဇော်နှင့် ကိုရဲမာန်ဇော်တို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော တောင်ဥက္ကလာပဆေးရုံကြီး၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ငွေကျပ်သိန်း(၁၀၀)နှင့် လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို သွားရောက်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မတ်လကတည်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးများ ဆောင်ရွက်ပေးလျက်ရှိသည့် ဆေးရုံများသို့ လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းများ၊ အလှူငွေများ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သလို ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေးအာမခံများလည်း ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ သုဝဏ္ဏဘောလုံးကွင်းနှင့် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသည့် လူနာများအား ကုသပေးရန် ဧရာဝတီစင်တာများ တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိသလို ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကိုဗစ်ကုသရေးလုပ်ငန်းများ၏ လိုအပ်မှုများကိုလည်း ဖြည့်ဆည်းလှူဒါန်းလျက်ရှိကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး