နေပြည်တော် ၅ စက်တင်ဘာ 


ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar/ အနှိပ်ခန်းများ ဖွင့်လှစ်နေမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနှင့် ညမထွက်ရ အချိန်ကျော်လွန် သွားလာနေမှုများကို ဆက်လက် စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိပြီး မြို့နယ်/ရပ်ကွက် များအတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် လုပ်ရပ်များကို ဆောင်ရွက်နေခြင်းအား သတင်း ဖော်ထုတ်မှု၊ စိစစ်ကြပ်မတ်မှု အလေးထားဆောင်ရွက်ရန် နယ်မြေတာဝန်ခံ ရဲတပ်ဖွဲ့ဝင်များ ကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 


မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆက်လက်ဖော်ထုတ်စိစစ်ချက်အရ စက်တင်ဘာ ၄ ရက်တွင် မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် ရေးမြို့နယ်တို့အတွင်း၌ KTV ဆိုင်တစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်းတစ်ခန်းမှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း၊ ဧည့်သည်နှင့် အနှိပ်သမ စုစုပေါင်း ၁၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီ၊ ကမာရွတ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့အတွင်း၌ KTV/ Bar ဆိုင်နှစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်းတစ်ခန်းမှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ အနှိပ်သမများနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၂၂ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာမြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း။


ယခုတစ်ပတ်အတွင်း ပြည်နယ်/တိုင်းဒေသကြီး အသီးသီး၌ ညမထွက်ရအချိန်ကျော် လွန် သွားလာသူများကိုလည်း စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ(၁၈၈)ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း(၈၅၆)မှုနှင့် ကျူးလွန်သူ အမျိုးသား(၁၆၂၆)ဦး၊ အမျိုးသမီး(၈၂)ဦး၊ စုစုပေါင်း(၁၇၀၈)ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်