လွိုင်ကော် ဒီဇင်ဘာ ၁၅

လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးကို မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများတွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်တို့ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။ 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန်၊ မဖြစ်မနေ ပြင်ပသို့သွားလာရပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield)ကို တပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးရောင်းဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်စုံတစ်ရာ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ဇွန် ၂၉ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ဓါတ်ခွဲအတည်ပြုလူနာစုစုပေါင်းမှာ (၅၈၅၆)ဦးရှိပြီး ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၅၅၇၈)ဦးရှိကြောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် သေဆုံးလူနာ (၁)ဦးရှိ၍ စုစုပေါင်းသေဆုံးလူနာ (၂၄၃)ဦးရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)